တရုတ်စစ်တပ်ကို ပြည်ပ အထူးစစ်ဆင်ရေးများလုပ်ဆောင်ခွင့်ပြုရန် အစီအစဉ်အား သမ္မတရှီ ထုတ်ပြန်ကြေညာ

By The Print
15 June 2022
တရုတ်စစ်တပ်ကို ပြည်ပ အထူးစစ်ဆင်ရေးများလုပ်ဆောင်ခွင့်ပြုရန် အစီအစဉ်အား သမ္မတရှီ ထုတ်ပြန်ကြေညာ

တရုတ်သမ္မတရှီသည် တရုတ်စစ်တပ်အား ပြည်ပတွင် အထူးစစ်ဆင်ရေးများလုပ်ဆောင်ခွင့်ပြုမည့် စစ်ပွဲမဟုတ်သောစစ်ဆင်ရေးများဆိုင်ရာ စည်းမျဉ်းသစ်များကို လက်မှတ်ရေးထိုးလိုက်သည်။

ဆော်လမွန်ကျွန်းစုများနှင့် လုံခြုံရေးသဘောတူစာချုပ် ချုပ်ဆိုပြီးနောက် သီတင်းပတ်ပေါင်းများစွာအကြာ၌ ယခုအစီအစဉ် အရွေ့ ထွက်ပေါ်လာခြင်းဖြစ်ပြီး တရုတ်သည် စစ်ပွဲအဖြစ် မသတ်မှတ်သော အထူးစစ်ဆင်ရေး အသွင်ဖြင့် ဒီမိုကရက်တစ် ထိုင်ဝမ်ကျွမ်းကို ကျူးကျော်ရန် အရှိန်မြှင့်လာနိုင်သည်ဟူသော စိုးရိမ်မှုများကို ဖြစ်စေသည်။

ဇွန် ၁၅ ရက်တွင် စတင်အသက်ဝင်မည့် အမိန့်ညွှန်ကြားချက်ကို ရှီကလက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ ဆင်ဟွာက ဖော်ပြခဲ့သော်လည်း ညွှန်ကြားချက်အပြည့်အစုံကိုဖော်ပြခြင်းမရှိပေ။

'အဓိကအားဖြင့် အခြေခံမူများ၊ အဖွဲ့အစည်းနှင့် ကွပ်ကဲမှု၊ စစ်ဆင်ရေးအမျိုးအစားများ၊ စစ်ဆင်ရေးဆိုင်ရာ ပံ့ပိုးကူညီမှု၊ နိုင်ငံရေးလုပ်ငန်းနှင့် တပ်ဖွဲ့များ၏ အကောင်အထည်ဖော်မှုတို့ကို စနစ်တကျ ထိန်းကျောင်းမှုများပါရှိသည်' ဟု ဆင်ဟွာက ဇွန်လ ၁၃ ရက်က အကျဉ်းချုံးဖော်ပြခဲ့သည်။

အခန်း ၆ ခန်းပါ ညွှန်ကြားချက်၏ ရည်ရွယ်ချက်များထဲတွင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းခြင်း၊ ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းရေးနှင့် အဖွဲ့အစည်းအား ထိန်းညှိခြင်းနှင့် စစ်မဟုတ်သော စစ်ရေးဆောင်ရွက်မှုများကို အကောင်အထည်ဖော်ခြင်း” စသည်တို့ ပါရှိသည်။

ထိုင်ဝမ်ရေလက်ကြားတွင် စစ်ရေးအရ အရေးယူမည့် ခြိမ်းခြောက်မှုများကို သံတမန်နည်းအရ ဖြေရှင်းရေး ယူကရိန်းသမ္မတ ဗလော့ဒီမာဇီလန်စကီးက တောင်းဆိုခဲ့ပြီးနောက် ယခု သတင်းထွက်ပေါ်လာခြင်းဖြစ်ကြောင်း IJ Reportika သတင်းဌာနက ဖော်ပြသည်။

ထိုင်ဝမ်သည် တရုတ်ကွန်မြူနစ်ပါတီ၏ အုပ်ချုပ်မှုကို မခံခဲ့ရသလို တရုတ်နိုင်ငံ၏ အစိတ်အပိုင်းလည်း မဖြစ်ခဲ့ပေ။ ထိုင်ဝမ်ကျွန်းနေ ပြည်သူ ၂၃ သန်းသည် ၎င်းတို့၏ အချုပ်အခြာအာဏာ သို့မဟုတ် ဒီမိုကရေစီပြည့်ဝသောဘဝကို စွန့်လွှတ်ရန် ဆန္ဒမရှိသော်လည်း တရုတ်က အဆိုပါကျွန်းကို ၎င်း၏ပိုင်နက်တစ်စိတ်တစ်ပိုင်းအဖြစ် အခိုင်အမာပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required