နိုင်ငံတကာမှ တက်ကြွလှုပ်ရှားသူများက တရုတ်တွင် ခွေးသားစားပွဲတော် မလုပ်တော့ရန် တောင်းဆို

နိုင်ငံတကာမှ တက်ကြွလှုပ်ရှားသူများက တရုတ်တွင် ခွေးသားစားပွဲတော် မလုပ်တော့ရန် တောင်းဆို

တရုတ်နိုင်ငံ၌ လာမည့်သီတင်းပတ်တွင် ကန့်ကွက်မှုများရှိနေသော ခွေးသားစားပွဲတော်ကို စတင်ရန် စီစဉ်ထားသောကြောင့် ပြည်တွင်းနှင့်နိုင်ငံတကာမှ တက်ကြွလှုပ်ရှားသူများနှင့် တိရစ္ဆာန်အခွင့်အရေးအဖွဲ့များ၏ မကျေနပ်မှုများကို ပြန်လည်ဖြစ်ပေါ်လာစေသည်။

ဗီယက်နမ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကွမ်းရှီးဒေသ၌ တည်ရှိသည့် တရုတ်နိုင်ငံတောင်ပိုင်း ယုလင်းမြို့၌ ‘လိုက်ချီးနှင့် ခွေးသားစားပွဲတော်ကို’ နှစ်စဉ်ကျင်းပလေ့ရှိသည်။

ယမန်နှစ်က သတ်ဖြတ်ခံရမည့် ခွေးတစ်အုပ်ပို့ဆောင်ခြင်းကို တားဆီးနိုင်ခဲ့သော တရုတ်ရှိ တက်ကြွလှုပ်ရှားသူများက ပွဲတော်ပိတ်ပင်ရေးအတွက် ကိုဗစ်-၁၉ ကန့်သတ်ချက်များ တိုးမြှင့်လုပ်ဆောင်ရန် ဒေသအာဏာပိုင်များအား တိုက်တွန်းထားသည်။

“တရုတ်နိုင်ငံရဲ့ အခြားမြို့ကြီးတွေမှာ ကိုဗစ်-၁၉ ပိတ်ဆို့မှုတွေ ဖော်ဆောင်နေချိန် ပြည်နယ်နဲ့မြို့ထဲကို ဧည့်သည်တွေလာစေဖို့ ယုလင်းခွေးသားကုန်သည်အဖွဲ့ကို ခွင့်ပြုတာဟာ အဓိပ္ပါယ်မရှိပါဘူး။ နောက်ပြီး ဒါဟာ ခွေးနဲ့ ကြောင် ထောင်ပေါင်းများစွာ သေဆုံးစေမယ့် စိတ်ပျက်ဖွယ်

တိရစ္ဆာန်အပေါ်နှိပ်စက်မှုကြီးလည်း ဖြစ်ပါတယ်။ ပြည်သူ့ကျန်းမာရေးအတွက်လည်း အန္တရာယ်ဖြစ်စေပါတယ်” ဟု ကွမ်းရှီးအခြေစိုက် တက်ကြွလှုပ်ရှားသူ လျန်ကျားက ပြောသည်။

ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် ၁၀ ရက်ကြာကျင်းပသည့် ပွဲတော်သို့ လာရောက်သူမှာ မကြာသေးမီ နှစ်များအတွင်း နည်းပါးသွားသော်လည်း ပွဲတော်အတွက် သတ်ဖြတ်ရန် ခွေး ၁ ၀၀၀ ကျော်စုဆောင်းထားကြောင်း သတင်းများထွက်ပေါ်နေသည်။

တရုတ်နိုင်ငံ၏ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက၂၀၂၀ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော မူဝါဒမူကြမ်းတွင် ခွေးများကို မွေးမြူရေးတိရစ္ဆာန်များအဖြစ် အသိအမှတ်မပြုဘဲ 'အထူးအဖော်တိရစ္ဆာန်' ဟု ခေါ်တွင်ခဲ့ကြောင်း Guardian က ဖော်ပြခဲ့သည်။

ထိုမူဝါဒသည် ဥပဒေသက်ရောက်မှု အပြည့်အဝ မရှိခဲ့သော်လည်း တရုတ်နိုင်ငံနှင့်ပြင်ပရှိ တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများက ကြိုဆိုခဲ့ကြသည်။

ထိုနှစ်တွင်ပင် နိုင်ငံတစ်ဝန်းရှိ တရုတ်နိုင်ငံသား ၇၅ ရာခိုင်နှုန်းက ခွေးသားစားသုံးမှုကို တားမြစ်သော တောင်ပိုင်းရှန်ကျန်းမြို့၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း တရုတ်အစိုးရပိုင် မီဒီယာက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly