စစ်ကောင်စီတပ် အရှင်လတ်လတ်မီးရှို့သတ်ခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးကို မီးသင်္ဂြိုဟ်

စစ်ကောင်စီတပ် အရှင်လတ်လတ်မီးရှို့သတ်ခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးကို မီးသင်္ဂြိုဟ်

ဇွန်လ ၁၅ ရက်

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ် အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦးကို အမိန့်စာပြန်ကာ မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း N-YSO ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၀ ရက် နံနက် ၃ နာရီအချိန်တွင် N-YSO ပြောက်ကျားတပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်း ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီတပ် အင်အားအများအပြားဖြင့် N-YSO တပ်စခန်းကို ပတ်ပတ်လည်မှ စီးနင်းခဲ့ရာကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များ နောက်ဆုတ်ပေးခဲ့ရပြီး ပြည်သူ့အချို့လည်း လမ်းပြအဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထိုနောက် N-YSO ပြောက်ကျားတပ်ဖွဲ့မှ ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦးသည်လည်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး အရှင်လတ်လတ်မီးရှို့သတ်ဖြတ် ခံခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံလိုက်ရသည့် ကျဆုံးရဲဘော်များမှာ CDM ကျောင်းအုပ် ဆရာကြီး ဦးဝင်းကျော်၊ အထက်တန်း သူနာပြုဆရာမ ဒေါ်ဇာလီနိုင်၊ ထောက်ပို့ရဲဘော် မသဲအိအိဝင်း၊ ကိုယ်ဝန် ငါးလ ရှိနေသည့် CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေနှင့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ရဲဘော်ဝူခုန်းတို့ဖြစ်ကြောင်း N-YSO ပြောက်ကျားတပ်က ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်ထားသည်။

ကျဆုံးခဲ့သည့် ရဲဘော်များ၏ ရုပ်အလောင်းများကို ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ ဇွန်လ ၁၄ ရက် နေ့တွင် တွေ့ရှိခဲ့ပြီးနောက် အမိန့်စာပြန်ကာ မီးင်္သဂြိုဟ်ပေးခဲ့ခြင်းဖြစ်သည်။

အလားတူ ဇွန်လ ၁၀ ရက်နေ့ N-YSO တပ်စခန်းသို့ ထိုးစစ်ဆင်လာသော စစ်ကြောင်းသုံးကြောင်းအနက် ကားဖြင့်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့က ပဒေသာမိုင်း အတွဲလိုက်ဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ကြောင်းလည်းဆိုသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းများကို အင်အားအများအပြားနှင့် စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိနေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များမှလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို နည်းပေါင်းစုံဖြင့် ခုခံတိုက်ခိုက်တွန်းလှန်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly