ဟံသာဝတီအသင်း ချန်ပီယံဖြစ်ရန် ရည်မှန်းချက်မရှိဟု ဆီဗာဂျီဆို

ဟံသာဝတီအသင်း ချန်ပီယံဖြစ်ရန် ရည်မှန်းချက်မရှိဟု ဆီဗာဂျီဆို
ဟံသာဝတီအသင်းနည်းစနစ်ဒါရိုက်တာ ဆီဗာဂျီ။ (ဓာတ်ပုံ - ဟံသာဝတီယူနိုက်တက်)

ဖေဖေါ်ဝါရီ ၈၊ ရန်ကုန် ။             ။ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၅) အပြီးတွင် ရှုံးပွဲမရှိသေးပဲ ရမှတ် ၁၃မှတ်ဖြင့်အမှတ်ပေးဇယားကို ရတနာပုံအသင်းနှင့်အတူ ပူးတွဲဦးဆောင်နေသော ဟံသာဝတီ ယူနိုက်တက်အသင်း နည်းစနစ်ဒါရိုက်တာ ဆီဗာဂျီက အသင်းအနေဖြင့် ချန်ပီယံဖြစ်ရန် ရည်မှန်းချက်မရှိပဲ အလယ်အလတ်အဆင့်တွင်သာရှိသည်ဟု သုံးသပ်ခဲ့သည်။

ဟံသာဝတီအသင်းသည် ရာသီအစအဖွင့် ၅ပွဲတွင် ရန်ကုန်၊ ဧရာဝတီ၊ ချင်းယူနိုက်တက်၊ ဟော်ရဇွန် စသည့်အသင်းများကိုအနိုင်ကစားခဲ့ပြီး ရှမ်းယူနိုတက်နှင့်သရေကစားထားသည်။

“ချန်ပီယံဖြစ်ဖို့အထိတော့ မရည်မှန်းထားပါဘူး။ ဒီရာသီအစမှာ ဟံသာဝတီ အသင်းအနေနဲ့ နိုင်ပွဲတွေရနေတာဟာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းကြောင့် မဟုတ်ပဲ ကစားသမားတွေ အားလုံး တိုးတက်လာတာကြောင့်ဖြစ်ပါတယ်။ အခု ရလဒ်ကောင်းတွေရနေပေမယ့် ကစားရမယ့်ပွဲတွေအများကြီး ကျန်နေသေးလို့ လက်ရှိမှာ ဘာမှကြီးကြီးမားမား ပြောလို့မရသေးပါဘူး။

ပြီးခဲ့တဲ့နှစ်က ဆိုရင် ကျွန်တော်တို့အသင်း တန်းဆင်းဇုန်မှာ ရုန်းကန် ခဲ့ရတာ အားလုံး အသိပါပဲ။ လက်ရှိအချိန်အထိတော့ ကျွန်တော်တို့အသင်းဟာအလယ်အလတ် အသင်းတစ်သင်း ပဲလို့ ကျွန်တော်မြင်ပါတယ်။” ဟု ဆီဗာဂျီက ပြောသည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် ယခုနှစ်ဘောလုံးရာသီ ရာသီဝက်တွင် အိမ်ကွင်းအဖြစ်အသုံးပြုရန်လည်း ပဲခူးတိုင်းအားကစားကွင်းကို ပြင်ဆင်မှုပြုလုပ်နေသည်။ သို့သော် အချိန်မီမပြီးစီးနိုင် သည့်အတွက် တောင်ငူမြို့ရှိ၊ မိုင်ဒါကွင်းကို ငှားရမ်းသုံးစွဲရန်လည်း စီစဉ်ထားသည်။

ဟံသာဝတီယူနိုက်တက်အသင်းမှာ ၂၀၀၉ခုနှစ်ကတည်းက မြန်မာနေရှင်နယ်လိဂ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသော အသင်းဖြစ်ပြီး ၂၀၁၀ ရှုံးထွက် ပြိုင်ပွဲတွင်ချန်ပီယံဖြစ်ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly