ပါကစ္စတန်တွင် မေလက အမျိုးသမီးများအပေါ် ကျူးလွန်သည့် ပြစ်မှုဖြစ်စဉ်များ စံချိန်တင် မြင့်တက်

By Zee5
14 June 2022
ပါကစ္စတန်တွင် မေလက အမျိုးသမီးများအပေါ် ကျူးလွန်သည့် ပြစ်မှုဖြစ်စဉ်များ စံချိန်တင် မြင့်တက်

ပါကစ္စတန်နိုင်ငံတွင် ယခုနှစ် မေလအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ အဓမ္မပြုကျင့်မှုနှင့် ပြန်ပေးဆွဲမှု စသည့် အမှုအခင်းဖြစ်စဉ်များ ဖြစ်ပွားမှု စံချိန်တင် များပြားခဲ့ကြောင်း The News International မီဒီယာက ဖော်ပြသည်။

စဉ်ဆက်မပြတ် လူမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်း (SSDO) နှင့် သုတေသန၊ ဖွံ့ဖြိုးရေးနှင့် ဆက်သွယ်ရေး စင်တာ (CRDC) တို့၏ သုတေသန အစီရင်ခံစာတစ်ရပ်ကို ကိုးကားပြီး အဆိုပါ သတင်းတွင် ဖော်ပြထားခြင်း ဖြစ်သည်။

အမျိုးသမီးများအပေါ် ကျူးလွန်သည့် အမှုများနှင့် ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုများအနက် ဖြစ်စဉ် အများစုသည် ပန်ဂျပ်ပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းနောက်တွင် ဆင်းဒ်ပြည်နယ်နှင့် ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ်တို့ ရှိနေကြောင်း အစီရင်ခံစာပါ ဒေတာအချက်အလက်များက ဖော်ပြနေသည်။

“ဒီ အချက်အလက်တွေကို ပုံမှန် ထုတ်ပြန်နေရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဒီနိုင်ငံမှာ အမျိုးသမီးတွေနဲ့ ကလေးတွေအပေါ် အကြမ်းဖက်မှုပိုင်းမှာ လျင်လျင်မြန်မြန် မြင့်တက်နေတယ်ဆိုတာကို လူအများအာရုံစိုက်စေဖို့ ဖြစ်ပါတယ်။ ဒီလတစ်လတည်းမှာပဲ ဒါတွေနဲ့ပတ်သက်လို့ မတူညီတဲ့အမှုူဖြစ်စဉ်ပေါင်း ၃၀၀ ဖြစ်ပွားခဲ့ပါတယ်။ မီဒီယာတွေရဲ့ ပိုမိုအာရုံစိုက်မှုနဲ့ ရေးသားဖော်ပြမှုတွေနဲ့အတူ အစိုးရ၊ ရဲတပ်ဖွဲ့နဲ့ တရားရေးပိုင်းတို့က အမှုတွေနဲ့ပတ်သက်လို့ အရေးယူဆောင်ရွက်မှု၊ ဖြေရှင်းမှုနဲ့ ပြစ်ဒဏ်ပေးမှုအပိုင်းမှာ မြန်မြန်ဆန်ဆန် ဖြစ်စေအောင် အာရုံစူးစိုက်လုပ်ဆောင်လာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု SSDO ၏ အမှုဆောင်ညွှန်ကြားရေးမှူး ဆိုင်ယက်ဒ် ကော်ဆာ အာဘတ်စ်က ဒေတာများနှင့် ပတ်သက်ပြီး ပြောသည်။

နိုင်ငံတွင် ဖြစ်ပွားခဲ့သော ပြန်ပေးဆွဲမှု ဖြစ်စဉ်ပေါင်း ၁၃၁ ခု အနက် ၉၆ ခုက ပန်ဂျပ်ပြည်နယ်တွင် ဖြစ်ပွားခြင်း ဖြစ်ပြီး ဆင်းဒ်ပြည်နယ်တွင် ၂၃ ခု ၊ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်တွင် ၁၁ ခု နှင့် အစ္စလမ်မာဘတ်မြို့တွင် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ ဘာလိုချီစတန်တွင်မူ ပြန်ပေးဆွဲမှုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း မရှိဟု အစီရင်ခံစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly