တရုတ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဥရောပပါလီမန်က အသိအမှတ်ပြုမှုအပေါ် ဝီဂါအဖွဲ့ ကြိုဆို

တရုတ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဥရောပပါလီမန်က အသိအမှတ်ပြုမှုအပေါ် ဝီဂါအဖွဲ့ ကြိုဆို

အရှေ့တာကစ္စတန်ရှိ ဝီဂါလူမျိုးများအပေါ် တရုတ်အစိုးရ၏ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အန္တရာယ်တစ်ခုဖြစ်ကြောင်း ဥရောပပါလီမန်အဖွဲ့ဝင်အများစုက ဇွန် ၉ ရက်တွင် ဆုံးဖြတ်ချက် ချလိုက်သည့်အပေါ် ကမ္ဘာ့ဝီဂါကွန်ဂရက် (WUC) မှ တစ်ခဲနက် ကြိုဆိုခဲ့သည်။

ရက်စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်ရန် ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်နှင့် အညီ လိုအပ်သောခြေလှမ်းများအားလုံးကို လုပ်ဆောင်ရန် ဥရောပသမဂ္ဂ(အီးယူ) နှင့် အဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုသော ဤဆုံးဖြတ်ချက်သည် ဝီဂါပြည်သူများအတွက်

တရားမျှတမှုဖော်ဆောင်မည့် တာဝန်ခံမှု ယန္တရားများအတွက် သမိုင်းဝင်မေတ္တာရပ်ခံချက်တစ်ခုဖြစ်သည်။

ပေါက်ကြားခဲ့သော ရှင်ကျန်းရဲတပ်ဖွဲ့ဖိုင်များသည် အခြေအနေ အရေးကြီးမှုနှင့် ထိရောက်သော အရေးယူမှု လုပ်ဆောင်ရန်လိုအပ်ကြောင်း သတိပြုမိစေရန် ဥရောပပါလီမန်အား နှိုးဆော်လိုက်ခြင်းဖြစ်သည်ဟု WUC ဥက္ကဋ္ဌ ဒေါ့ခန်အီဆာက ပြောသည်။

'အီးယူနှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများသည် ဝီဂါလူမျိုးသုဉ်းသတ်ဖြတ်မှုကို အဆုံးသတ်ရန် ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ၎င်းတို့တတ်နိုင်သမျှ လုပ်ဆောင်ရမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ကြောင်း ဝီဂါကွန်ဂရက်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ နယ်သာလန်၊ လစ်သူယေးနီးယား၊ ချက်သမ္မတနိုင်ငံ၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်နှင့် အိုင်ယာလန်ပြီးနောက် ဥရောပပါလီမန်သည် အမှီအခိုကင်းသော ဝီဂါခုံရုံး၏ တွေ့ရှိချက်များကို အတည်ပြုလျက် ဝီဂါလူမျိုးများအား လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုအန္တရာယ်ကို အသိအမှတ်ပြုသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုသည့် ကမ္ဘာ့ ၁၀ ခုမြောက် ဥပဒေပြုအဖွဲ့ဖြစ်လာသည်။

ဥရောပပါလီမန်၏ ဆုံးဖြတ်ချက်တွင် အရှေ့တာကစ္စတန်ရှိ အခြေအနေဆိုင်ရာ လွတ်လပ်သေအစီရင်ခံစာကို ချက်ချင်းထုတ်ပြန်ရန် ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးကို တောင်းဆိုခြင်းကဲ့သို့သော အရေးကြီးသည့် မေတ္တာရပ်ခံချက်များလည်းပါဝင်ပြီး လူ့အခွင့်အရေးမဟာမင်းကြီးသည် တရုတ်အစိုးရအား တာဝန်ခံခိုင်းရန် ပျက်ကွက်ခဲ့သည့်အတွက် ဥရောပပါလီမန်အနေဖြင့် စိတ်မကောင်းဖြစ်ရကြောင်း မှတ်ချက်ပြုထားသည်။

WUC သည် အတင်းအကျပ်လုပ်အားဖြင့် ပြုလုပ်သော ကုန်ပစ္စည်းများကို တားမြစ်မည့် ကုန်သွယ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်အသစ်အပေါ် ဥရောပပါလီမန်၏ အတည်ပြုဆုံးဖြတ်ချက်ကိုလည်း ကြိုဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required