တရုတ်သမ္မတ၏ စီချွမ်ပြည်နယ်ခရီးစဉ်အတွင်း သတ်မှတ်လမ်းကြောင်းများ၌ ရဲများက အမေရိကန် Tesla ကားများကို သွားလာခွင့် တားမြစ်

By Lokmat Times
14 June 2022
တရုတ်သမ္မတ၏ စီချွမ်ပြည်နယ်ခရီးစဉ်အတွင်း သတ်မှတ်လမ်းကြောင်းများ၌ ရဲများက အမေရိကန် Tesla ကားများကို သွားလာခွင့် တားမြစ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မကြာသေးမီက စီချွမ်ပြည်နယ်သို့ လာရောက်လည်ပတ်စဉ် ပြည်နယ်အတွင်းရှိ သတ်မှတ်လမ်းကြောင်းများတွင် အမေရိကန်၏ Tesla ကားများကို သွားလာမောင်းနှင်ခွင့် ရဲများက တားမြစ်ခဲ့သည်။

တရုတ်လူမှုမီဒီယာတွင် ယာဉ်ထိန်းရဲများက အခြားကားများကို ဖြတ်သန်းသွားလာခွင့် ပြုသော်လည်း Tesla ကားများကို အခြားလမ်းကြောင်းတစ်ခုမှသွားရန် လမ်းလွှဲခဲ့ကြောင်း ပြသသည့် ဗီဒီယိုများ လူမှုမီဒီယာများပေါ်၌ ထွက်ပေါ်လာသည်။

Tesla ကားများသည် အခြားကားများနှင့် နှိုင်းယှဉ်ပါက ကင်မရာနှင့်ဆင်ဆာများ များစွာပါရှိသည့်အတွက် ရဲများက လုံခြုံရေးစိုးရိမ်မှုဖြင့် ထိုသို့လုပ်ဆောင်ခဲ့ပုံရသည်။

အမေရိကန်ကားကုမ္ပဏီ Tesla ၏ ရှန်ဟိုင်း Gigafactory စက်ရုံသည် လုပ်ငန်းအပြည့်အဝ လည်ပတ်နေပြီ ဖြစ်သည်။

ရှန်ဟိုင်းတွင် ကိုဗစ်-၁၉ တစ်ကျော့ပြန်ဖြစ်ပွားခဲ့မှုကြောင့် ရှန်ဟိုင်း Gigafactory သည် ရက်ပေါင်း ၂၀ ခန့် ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့သည်။

ယခုနှစ် ပထမ ၅ လတွင် Tesla သည် ကားအစီးရေပေါင်း ၂၁၅ ၈၅၁ စီးကို ပေးပို့နိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ထုတ်လုပ်မှု ၅၀ ရာခိုင်နှုန်းတိုးလာကြောင်း China Passenger Car Association က ထုတ်ပြန်ခဲ့သည်။ မေလ တစ်လတည်းတွင်ပင် ဥရောပ၊ ဩစတြေးလျ၊ ဂျပန်နှင့် တခြားဈေးကွက်များသို့ တင်ပို့ခဲ့သော ကားအစီးရေ ၂၂ ၃၄၀ အပါအဝင် ၃၂ ၁၆၅ စီး လက်ကားရောင်းချခဲ့ရသည်။

Tesla ၏ Shanghai Gigafactory ကားစက်ရုံသည် တရုတ်နိုင်ငံတွင် ပထမဆုံးသော နိုင်ငံခြားပိုင် ကားထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly