ဆူးခင်းလမ်း သို့မဟုတ် ဂျပန်အိပ်မက်

ဆူးခင်းလမ်း သို့မဟုတ် ဂျပန်အိပ်မက်

ဇွန် ၁၄

“အလုပ်ထဲကနေ ထွက်ပြေးတယ်ဆိုရင် အဲဒီလူက ဘာအာမခံချက်မှ မရှိတော့ဘူး ။ဒီနိုင်ငံမှာဘာအလုပ်မှလည်း လုပ်မရတော့ဘူး။ဘာလို့လဲဆိုတော့ အလုပ်ခေါ်ပေးတဲ့ ခုမိအအိ(အလုပ်ရှင်နှင့် အလုပ်သမားများကို ချိတ်ဆက်စီမံဆောင်ရွက်ပေးသည့် အဖွဲ့အစည်း)က သူ့မှာလုပ်ပိုင်ခွင့်အပြည့်ရှိတယ်။ ထွက်ပြေးသွားတဲ့သူကို အလုပ်ခန့်လိုက်ရင် အလုပ်ခန့်တဲ့သူကို သူက တရားစွဲလို့ရတယ်လေ။ အလုပ်ထဲမှာ အဆင်ပြေနေရင်တော့ ဘယ်သူ့မှ ထွက်မပြေးဘူးလေ”ဟု ကိုဇော်ဇင်က ပြောသည်။

အသက် ၂၀ကျော်အရွယ် ကိုဇော်ဇင်သည် ဂျပန်နိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ရန် ရောက်ရှိလာခဲ့သူတစ်ဦးဖြစ်သည်။ အဆိုပါ လုပ်ငန်းခွင်တွင် အနိုင်ကျင့်ဖိနှိပ်မှုများ ၊ အတင်းအကျပ်အလုပ်စေခိုင်းမှုများနှင့် အလုပ်သမားအခွင့်အရေးအပြည့်အ၀ မရရှိမှုများ ကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံသို့ သူမလာခင်အချိန်တွင် ဂျပန်နိုင်ငံသို့ ပို့ဆောင်ပေးသည့် မြန်မာနိုင်ငံရှိ အလုပ်အကိုင်အကျိုးဆောင်မှ လုပ်ငန်းခွင်အဆင်မပြေမှုများ ကြုံတွေ့ရပါက ၎င်းတို့ဘက်မှ အပြည့်အဝတာဝန်ယူပေးမည့်အကြောင်းများကို ပြောဆိုခဲ့မှုများနှင့် အလုပ်လုပ်ရာတွင် သူရရှိမည့် လစာများကြောင့်ပင် ဂျပန်အိပ်မက်များကို စိတ်ကူးယဉ်မျှော်လင့်ခဲ့ရကြောင်း ကိုဇော်ဇင်က ပြောသည်။

သူအလုပ်လုပ်ခဲ့သည့် လုပ်ငန်းခွင်တွင် အသက်အန္တရာယ်ထိခိုက်အောင် လုပ်ဆောင်သည့် အခြေအနေများပင်ရှိသည်ဟု ဆိုသည်။

“တစ်ခါတလေ ဆေးလိပ်မီးနဲ့ ထိုးတာတွေတောင် အလုပ်ထဲမှာရှိတယ်။ တစ်ခါတလေ ကိုယ်က သူတို့ပြောတာတွေ နားမလည်လိုက်တာမျိုး၊ သေချာမကြားမိလိုက်တာဆိုရင် သူတို့ကို အာရုံမစိုက်ဘူးဆိုပြီး ဆောက်လုပ်ရေးသုံးပစ္စည်းတွေကို ကိုယ့်အပေါ်ကို တမင်လွှတ်ချပစ်တာမျိုးတွေလည်းရှိတယ်။ လူပေါ်တည့်တည့်လွှတ်ချပစ်တာ ဆောက်လုပ်ရေးသုံးပစ္စည်းတွေဆိုတာ အလေးကြီးတွေလေ လူကိုသေစေနိုင်တဲ့ အန္တရယ်ရှိတဲ့ဟာတွေ။ ဒါကျတော့ဘောင်ထဲက အနိုင်ကျင့်တာမျိုးပေါ့ ။ ကိုယ်က တစ်ခုခုဖြစ်သွားရင်တောင် အလုပ်ထဲမှာမတော်တဆ ထိခိုက်မှုဆိုတာပဲ ဖြစ်မှာလေ။ သေသွားရင်တောင် မတော်တဆဆိုတာပဲ ခေါင်းစဉ်တပ်မှာ”ဟု ကိုဇော်ဇင်က ရှင်းပြသည်။

ကိုဇော်ဇင်နှင့်အတူ အလုပ်လုပ်ကိုင်သည့် အပေါင်းအသင်းများသည် ကိုဗစ်အပြင်းအထန်ဖြစ်ပွားခဲ့သည့် ၂၀၂၀ခုနှစ်တွင် လူအစုလိုက် ကိုဗစ်ကူးစက်မှုဖြစ်ပွားခဲ့ပြီးနောက် ကိုဗစ်ကြောင့် ပြန်လည် နာလန်မထူနိုင်သေးချိန်တွင် အလုပ်လုပ်ကိုင်ရန် အတင်းအကျပ်စေခိုင်းခံရမှုများကြုံတွေ့ခဲ့ရသည်ဟု သိရသည်။ ထို့နောက် သူတို့အတွက် ရွေးချယ်စရာ မရှိတော့သည့်အနေအထားတစ်ခု ဖြစ်လာခဲ့ပြီး လုပ်ငန်းခွင်မှ ထွက်ပြေးခဲ့ကြရသည်ဟု သူကရှင်းပြသည်။

“ကိုဗစ်တွေဖြစ်တဲ့အချိန်က ငါတို့အလုပ်ကလူတွေ တစ်ဖွဲ့လုံး ကူးကြတယ်။ အဲဒီတုန်းကရောဂါကလည်း တော်တော်ဆိုးတာ ထမင်းတောင် မစားနိုင်တဲ့အထိဘဲ ခံရတာ။အဲဒီမှာ လူတွေက နလန်မထူနိုင်သေးတဲ့အချိန်မှာ သူတို့က အလုပ်ဆင်းဖို့လာပြောကြတယ်။အလုပ်ဆင်းကိုဆင်းရမယ် မဆင်းနိုင်ရင် မြန်မာပြည်ပြန်တဲ့။ အလုပ်ဆင်းတော့ အားမှမရှိတာ ။ ငါတို့ မ ရတဲ့သံလုံးတစ်လုံးက ၁၅ကီလိုလောက်ကိုလေးတာ ။ တချို့ရက်တွေဆိုရင် အလုံး၃၀၀လောက်ကို မ ရတာ။ အဲဒီတော့ ဘယ်လိုမှ ဆက် မလုပ်နိုင်တော့ဘူး။ ငါတို့ရှိတဲ့လူတွေ ညှိပြီးတော့ ပြေးမှာလား ထွက်မှာလား တိုင်ပင်ရင်း ပြေးတဲ့သူကပြေး အလုပ်ထွက်တဲ့သူက ထွက်ပေါ့ “ဟု ကိုဇော်ဇင်က ရှင်းပြသည်။

ထိုသို့အလုပ်သမားများလုပ်ငန်းခွင်မှ ထွက်ပြေးမှုများကြောင့် အလုပ်သမားပို့ဆောင်ရာတွင် အခက်အခဲများ ကြုံရကြောင်းနှင့်ဆက်စပ်ပြီး ပြည်ပအလုပ်အကိုင်အကျိူးဆောင်အချို့မှ ဝေဖန်ပြောဆိုမှုများ ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့ကြသေးသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ပအလုပ်အကိုင်အကျိူးဆောင်တစ်ခုမှ “ အရှေ့က လူက အဲဒီလိုထွက်ပြေးတော့ နောက်လူတွေ အလုပ်ရဖို့က မလွယ်တော့ဘူးလေ။ အလုပ်ရှင်တွေက ယုံကြည်မှုတွေ မရှိတော့ဘူး။ ဒီမှာက ဒီလူကတော့ ဒီလူကတော့ ဒီလိုလုပ်သွားတယ်လို့ တွေးတာ မဟုတ်ဘူး။ ဒီလူမျိုးကတော့ ဒီလိုကွာဆိုပြီး တွေးပစ်တာ။ အဲ့ဒီတော့ ကိုယ့်ကြောင့် တခြားလူတွေ နစ်နာရတာပေါ့”ဟု ဆိုသည်။

လုပ်ငန်းခွင်က ထွက်ပြေးသူတချို့ကလည်း လုပ်ငန်းခွင်အဆင်မပြေမှုများကို အလုပ်အေးဂျင့်စီများမှ တာဝန်ယူဖြေရှင်းပေးမှု မရှိခြင်းနှင့် ယင်းအလုပ်တွင် ဆက်လက်လုပ်ကိုင်ရန် ခက်ခဲမှုများကြောင့်သာ ထွက်ပြေးရခြင်းဖြစ်ပြီး ယခုလို လုပ်ဆောင်မှုကြောင့် ၎င်းတို့ကိုယ်တိုင် ဒုက္ခရောက်ရသည်ဟု ပြန်လည်ပြောဆိုကြပြီး ထွက်ပြေးမှုကြောင့် ဒုက္ခရောက် အခက်အခဲဖြစ်မှန်း သိရက်နှင့်ပင် ထွက်ပြေးရခြင်းဖြစ်သည်ဟု ရှင်းပြသည်။

“အလုပ်ထဲကနေ ထွက်ပြေးတယ်ဆိုရင် အဲဒီလူက ဘာအာမခံချက်မှ မရှိတော့ဘူး ။ဒီနိုင်ငံမှာဘာအလုပ်မှလည်း လုပ်မရတော့ဘူး။ဘာလို့လဲဆိုတော့ အလုပ်ခေါ်ပေးတဲ့ ခုမိအအိက သူ့မှာလုပ်ပိုင်ခွင့်အပြည့်ရှိတယ်။ ထွက်ပြေးသွားတဲ့သူကို အလုပ်ခန့်လိုက်ရင် အလုပ်ခန့်တဲ့သူကို သူက တရားစွဲလို့ရတယ်လေ။ ထွက်ပြေးတဲ့သူက ကိုယ့်တိုင်းပြည် ပြန်ရင်ပြန်ရမယ် မဟုတ်ရင် အဖမ်းခံရမယ်။ပြီးတော့ဒီမှာ အလုပ်လည်း လုပ်မရတော့ဘူး။ ဒီနိုင်ငံမှာ နှစ်လလောက် အလုပ်မရှိရင် တော်တော်ကျပ်တည်းလာလိမ့်မယ်။ ပြီးတော့ ထွက်ပြေးတဲ့သူက ဒီမှာအိမ်လည်း ငှားမရဘူး ။ ဒါတွေ ကျွန်တော်တို့က မသိတာ မဟုတ်ဘူး သိတယ် အလုပ်ထဲမှာ ဘယ်လိုမှ အဆင်မပြေတော့လို့သာ ဒါတွေကို သိသိရက်နဲ့ ထွက်ပြေးရတာ”ဟု မြန်မာရွေ့ပြောင်းအလုပ်သမားတစ်ဦးက ဆိုသည်။

ထို့အပြင် အဆိုပါဖြစ်စဉ်ကဲ့သို့ ကိစ္စရပ်များကို ကြုံတွေ့ခဲ့ရသည့် အမည်မဖော်ပြလိုသည့် မြန်မာရွေ့ပြောင်းအလုပ်သမားတစ်ဦးက “သံငြမ်းမှာ ငြမ်းဆင်ရင် ခင်းတဲ့အခင်းဆိုတာရှိတယ် အဲ့ဒါက ဘယ်လောက်လေးလဲဆိုရင် အသေးဆုံးဟာတောင် သုံးပိဿာလောက် ရှိတယ်။ အဲ့ဒါက အပေါ်ကနေပြုတ်ကျတာ ကျွန်တော် လက်ကျိုးသွားတယ်။ လက်ကျိုးတာကို ဆေးခန်းသွားပြတော့ ဆေးခန်းက နှစ်လ အလုပ်နားခိုင်းတယ်။ဒါပေမယ့် ကုမ္ပဏီက ခုနစ်ရက်ပဲ နားခိုင်းပြီးတော့ ခုနစ်ရက်နဲ့ ဘယ်လိုမှ မသက်သာသေးတာကို အလုပ်ဆင်းဖို့ ဇွတ်လာခေါ်တယ်။ အလုပ် လုပ်ခိုင်းတယ် ။ အလုပ်က ပြန်ရောက်တာနဲ့ ကျွန်တော်မှာ ငိုနေရတာ ။ ကျွန်တော် ဘယ်လိုမှ ဆက်လုပ်မရတော့ဘူးလေ”ဟုပြောသည်။

မြန်မာရွေ့ပြောင်းအလုပ်သမားများသည် မြန်မာပြည်အေးဂျင့်စီမှ တစ်ဆင့် ဂျပန်ဘက်ရှိ အလုပ်ရှင်အလုပ်သမား ချိတ်ဆက်စီမံပေးသည့် အဖွဲ့အစည်းလက်အောက်တွင် အလုပ်ဆက်လက်လုပ်ကိုင်ရပြီး အဆင်မပြေမှုများ ကြုံတွေ့ရပါက အဆိုပါအဖွဲ့အစည်းနှင့် တိုင်ပင်ဆွေးနွေးခြင်းနှင့် တိုင်ကြားမှုများ ဆောင်ရွက်နိုင်ကြောင်း သိရသည်။ သို့သော် ဘာသာစကားအခက်အခဲနှင့် ပြဿနာဖြစ်ပွားပါက ဖြေရှင်းရန် စစ်ဆေးဆောင်ရွက်မှုများ အချိန်ကြာမြင့်မှုကြောင့် တိုင်ကြားမှုများ ပြုလုပ်လေ့မရှိကြောင်း သိရသည်။

“အလုပ်သမားတွေပို့တယ်ဆိုရင် မြန်မာဘက်ကအေးဂျင့်ဆီကနေ ဂျပန်ဘက်ကိုသွားရတာ ။ ဂျပန်ဘက်က ခုမိအအိ( အလုပ်ရှင်အလုပ်သမား ချိတ်ဆက်စီမံဆောင်ရွက်ပေးသည့်အဖွဲ့)ကတော့ တစ်ပတ်တစ်ကြိမ် ကလေးတွေနဲ့ ဆွေးနွေးပေးရတာမျိုးရှိတယ်။ သုံးလတစ်ကြိမ် ကုမ္ပဏီနဲ့ ကလေးတွေကို စစ်ဆေးပေးရတာမျိုးရှိတယ်။ တာဝန်ယူမှု တာဝန်ခံမှုအပိုင်းကတော့ ဂျပန်ဘက်က အဖွဲ့အစည်းက မြန်မာဘက်ထက်တော့ ပိုသာတာပေါ့။ မြန်မာဘက်အေးဂျင်စီတွေက ကလေးတွေအဆင်ပြေ မပြေ ပြန်ကြည့်တာရှိတယ်ဆိုပေမယ့် အဲ့လိုပြန်ကြည့်တဲ့သူတွေက အရမ်းနည်းတယ်။ ကုမ္ပဏီနဲ့ အလုပ်သင်အလုပ်သမား ပြဿနာဖြစ်ရင် သူတို့က(မြန်မာအေးဂျင့်တွေ) ကုမ္ပဏီကို လူထပ်ပို့ချင်တာမို့ ကလေးတွေဘက်က မရပ်တည်ပေးကြတာများတယ်။ မြန်မာအေးဂျင့်တော်တော်များများကတော့ ကလေးတွေကို ဂျပန်ဘက်ကိုပို့ပြီးတာနဲ့ ကျန်တာ ငါတို့နဲ့ မဆိုင်တော့ဘူးပုံစံတွေလုပ်ကြတာ တွေ့ရတယ်”ဟု ဂျပန်ရောက်မြန်မာရွေ့ပြောင်း အလုပ်သမားအချို့ကို ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးလေ့ရှိသည့် ဆရာမ ဖြူက ပြောပြသည်။

ထို့အပြင် ဂျပန်နိုင်ငံဥပဒေနှင့် ဂျပန်အလုပ်သမားဥပဒေအရ ဂျပန်လူမျိုးနှင့် နိုင်ငံခြားသားများကို တန်းတူအခွင့်အရေးများပေးထားသော်လည်း ဂျပန်အလုပ်ရှင်အချို့သည် ဥပဒေဘောင်အတွင်းမှပင် ခွဲခြားဆက်ဆံမှုအချို့ ပြုလုပ်မှုရှိသည်ဟုလည်းသိရသည်။

မြန်မာရွေ့ပြောင်းအလုပ်သမားများသည် ဂျပန်နိုင်ငံတွင် သက်ကြီးဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်းများ၊ စက်ရုံလုပ်ငန်းများ ၊စိုက်ပျိုးရေးလုပ်ငန်းများ၊မွေးမြူရေးလုပ်ငန်းများ နှင့် အများဆုံးသွားရောက်လုပ်ကိုင်ကြသည်ဟု သိရသည်။

ကိုဗစ်ကပ်ရောဂါကြောင့် ဂျပန်နိုင်ငံအတွင်း ဝင်ရောက်မှုကို ၂၀၂၀ ဒီဇင်ဘာမှ စတင်ပြီး တစ်နှစ်ကျော်အထိ ကန့်သတ်ပိတ်ထားရာမှ ၂၀၂၂ခုနှစ် မေလလောက်တွင် မြန်မာရွေ့ပြောင်းလုပ်သားများအတွက် ပြည်ဝင်ခွင့်များကို ပြန်လည်စတင်ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။

လက်တလောတွင် မြန်မာပြည်သည် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံအတွင်း မငြိမ်မသက်မှုများ ၊ အလုပ်အကိုင်ရှားပါးမှုများနှင့် မလုံခြုံမှုများကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်ရန် ရွေးချယ်မှုများကို အများဆုံး စဉ်းစားလာကြသည်။

သို့သော် ယခုကဲ့သို့ လုပ်ငန်းခွင်အနိုင်ကျင့်မှုကိစ္စရပ်များ ကြုံတွေ့မှုလျော့နည်းစေရန် သက်ဆိုင်ရာ ဘာသာစကားကျွမ်းကျင်မှုကို အဓိကထား လုပ်ဆောင်သင့်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူအချို့က ထောက်ပြပြောဆိုကြသည်။

“မြို့နယ်တိုင်း မြို့နယ်တိုင်းမှာတော့ မြန်မာဘာသာစကားနဲ့တိုင်ပင်ဆွေးနွေးလို့ရတဲ့နေရာတွေကတော့ သိပ်ပြီးတော့ မရှိ မဖွံဖြိုးသေးဘူး။ဂျပန်လိုပဲ တိုင်ပင်လို့ရတာမျိုး တစ်ပတ်မှာ နှစ်ရက်လောက်ပဲ မြန်မာဘာသာစကားနဲ့ ဖုန်းဆက်ဆွေးနွေးလို့ရတဲ့ အခက်အခဲလေးတွေတော့ရှိနေပါတယ်။ ဂျပန်အစိုးရအနေနဲ့ ဆွေးနွေးဖို့စင်တာတွေ ထားပေးထားတယ်ဆိုပေမယ့်လည်း သူ့ရဲ့အားနည်းချက်က လွယ်လွယ်ကူကူဆက်သွယ်လို့ မရဘူး။ မြန်မာစကားပြန်တွေ အလုံအလောက်သိပ်မရှိဘူး။ ပြီးတော့ ဖြစ်တဲ့ပြဿနာနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုကလည်း ကြာတယ် နောက်ကျတယ်။အဲ့တော့ ကလေးတွေက စိတ်မထိန်းနိုင်ပဲ ထွက်ပြေးကြတယ်။ ကုမ္ပဏီအမှားကနေ ကိုယ့်ရဲ့အမှားဖြစ်သွားတယ် ။ပြီးတော့ နေထိုင်ခွင့်ဗီဇာကလည်း တစ်နှစ်ဗီဇာ နှစ်နှစ်ဗီဇာဆိုပြီး သတ်မှတ်ထားကြတာလေ။ အဲ့ဗီဇာသက်တမ်းကုန်တဲ့အထိ ဖြစ်တဲ့ပြဿနာ အမှုက မပြီးပြတ်သေးတာတွေတောင် ရှိတယ်”ဟုလည်း ဆရာမဖြူက ရှင်းပြသည်။

လက်ရှိတွင် ဂျပန်နိုင်ငံသို့ နိုင်ငံတကာမှ အလုပ်သမား အများအပြားဝင်ရောက်လာမှုများကြောင့် ဂျပန်ဘာသာစကား လာရောက်လေ့လာသင်ယူနေကြသည့် နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများသည် အချိန်ပိုင်းအလုပ်အကိုင်များ ရရှိရန် ခက်ခဲမှုများကြုံတွေ့နေရပြီး ဂျပန်နိုင်ငံရှိ အချို့မြို့နယ်လေးများတွင် အလုပ်အကိုင်ရှားပါးမှုများပင်ရှိနေသည်ဟု သိရသည်။

ယင်းကိစ္စရပ်များကိုလည်း မြန်မာပြည်ရှိ ဂျပန်အေးဂျင့်အချို့မှ တာဝန်ယူဆောင်ရွက်ပေးခြင်းများ မရှိသော်လည်း လက်တလော မြန်မာပြည်၏ ရွေးချယ်စရာမရှိသည့် အနေအထားများကြောင့် အဆိုပါအေးဂျင့်များ၏ ရွှေမှုန်ကြဲပေးထားသည့် ဆူးခင်းလမ်းများကိုသာ ဆက်လက်လျှောက်လှမ်းရန်သာ ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly