Apple က iPad ထုတ်လုပ်မှုကို တရုတ်မှ ဗီယက်နမ်သို့ ပြောင်းရွှေ့

Apple က iPad ထုတ်လုပ်မှုကို တရုတ်မှ ဗီယက်နမ်သို့ ပြောင်းရွှေ့

တရုတ်နိုင်ငံတွင် တင်းကျပ်သောအသွားအလာပိတ်ဆို့မှုများကြောင့် ထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာ ကွင်းဆက်များ လပေါင်းများစွာ အနှောင့်အယှက်ဖြစ်စေခဲ့ရသည့် Apple ကုမ္ပဏီအနေဖြင့် ယခုအခါ iPad ထုတ်လုပ်မှုကို တရုတ်နိုင်ငံမှ ဗီယက်နမ်သို့ ပြောင်းရွှေ့တော့မည်ဖြစ်သည်။

Apple က တရုတ်နိုင်ငံမှ ထွက်ခွါ၍ ဗီယက်နမ်သို့ပြောင်းရွှေ့ရန် အစောပိုင်းကတည်းက စဉ်းစားထားသော်လည်း လအနည်းငယ်အကြာတွင် ဗီယက်နမ်၌ ကိုဗစ်-၁၉ ကူးစက်မှုများ ရုတ်တရက်မြင့်တက်လာသောကြောင့် Apple သည် ၎င်းအစီအစဉ်များကို နောက်ဆုတ်ထားခဲ့သည်။

အထူးသဖြင့် Apple သည် လာမည့်လအနည်းငယ်အတွင်း ပစ္စည်းထုတ်လုပ်မှုမပြတ်စေရန် အသွားအလာပိတ်ဆို့မှုချမှတ်ထားသည့် ပြင်ပ ဒေသများရှိ ကုမ္ပဏီများအား ပစ္စည်းများထုတ်လုပ်ပေးရန် တောင်းဆိုထားသည်။ Apple ထုတ်ကုန်များဖြစ်သည့် iPhones၊ iPads၊ AirPods နှင့် MacBooks များကိုလည်း ထုတ်လုပ်ပေးရန် တောင်းဆိုထားသည်။

Apple က ရှန်ဟိုင်းနှင့် ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုမြင့်မားလာသော ကျန်းစုကဲ့သို့သော ပြည်နယ်များမှ ထုတ်လုပ်သည့် ထုတ်ကုန်ပမာဏကို အပြည့်အဝ ဖာထေးမိစေရေးအတွက် ပစ္စည်းများ ထပ်မံထုတ်လုပ်ပေးရန် ကုမ္ပဏီများအား မျှော်လင့်ထားသည်။

Apple ပစ္စည်းများထုတ်ရာ နိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် ဗီယက်နမ်တို့သည် တရုတ်အစား အစားထိုး ရွေးချယ်စရာနေရာများအဖြစ် ရှုမြင်ခံရသည့် နိုင်ငံများတွင် အပါအဝင်ဖြစ်သည်။

တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒတစ်စိတ်တစ်ပိုင်းအဖြစ် ရှန်ဟိုင်းနှင့် တခြားမြို့ကြီးများတွင် ချမှတ်ထားသော အသွားအလာပိတ်ဆို့မှုသည် အနောက်နိုင်ငံများမှ ကုမ္ပဏီအများအပြားအတွက် ထုတ်လုပ်ဖြန့်ဖြူးရေးကွင်းဆက်ကို အနှောင့်အယှက်ဖြစ်စေလျက်ရှိသည်။

ကိုဗစ်-၁၉ ပြန်လည်ဖြစ်ပွားမှုကြောင့် လက်ရှိ ၃ လပတ်တွင် ရောင်းအား အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ထိခိုက်ခဲ့ကြောင်း Apple က ဧပြီလတွင် သတိပေးခဲ့သည်။ ပြီးခဲ့သည့် ၂ နှစ်အတွင်း တရုတ်၏ ကိုဗစ်တားဆီးရေး စည်းမျဉ်းများကြောင့် Apple သည် ထုတ်လုပ်ရေးလုပ်ငန်းခွင်များ၌ လူကိုယ်တိုင်စစ်ဆေးရန် ၎င်း၏ အမှုဆောင်အရာရှိများနှင့် အင်ဂျင်နီယာများကို တရုတ်သို့ မစေလွှတ်နိုင်ခဲ့ပေ။ ယမန်နှစ်က လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကလည်း ယုံကြည်စိတ်ချရမှုအတွက် တရုတ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly