တရုတ်က ဓာတ်ခွဲခန်းမှဗိုင်းရပ်စ်ယိုစိမ့်မှု ယူဆချက်ကို အလိမ်အညာဟု တုံ့ပြန်

တရုတ်က ဓာတ်ခွဲခန်းမှဗိုင်းရပ်စ်ယိုစိမ့်မှု ယူဆချက်ကို အလိမ်အညာဟု တုံ့ပြန်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကိုဗစ်ဖြစ်ပွားမှုသည် တရုတ်ဓာတ်ခွဲခန်းမှ ဗိုင်းရပ်စ် ယိုစိမ့်မှုကြောင့် ဟုတ်၊မဟုတ် ဆိုသည်ကို ထပ်မံစစ်ဆေးရန် အကြံပြုခဲ့ပြီးနောက် တရုတ်က အဆိုပါသီအိုရီသည် နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်ကြောင်းနှင့် အလိမ်အညာတစ်ခုဖြစ်ကြောင်း ပြန်လည်တုံ့ပြန်လိုက်သည်။

ကပ်ရောဂါစတင်ပုံကို ရှင်းပြမည့် အဓိကအချက်အလက်များသည် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း WHO မှကျွမ်းကျင်ပညာရှင်အဖွဲ့က ဇွန် ၁၀ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သိပ္ပံပညာရှင်များက ၎င်းတို့အဖွဲ့သည် “ကျိုးကြောင်းဆီလျော်သော အယူအဆများအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်ခွင့်ပြုရန် နောင်တွင် ရရှိလာမည့် သိပ္ပံနည်းကျ အထောက်အထားအားလုံးကို လက်ခံသွားမည်” ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဝူဟန်ရှိ ဟွာနန်ပင်လယ်စာဈေးသည် ကပ်ရောဂါပြန့်ပွားရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေကြောင်းနှင့် ၎င်းအား ထပ်မံစစ်ဆေးရန် WHO အကြံပေးအဖွဲ့က အကြံပြုထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောင်းလီကျန်းက စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်း ဆောင်ရွက်ခြင်းမရှိဟု စွပ်စွဲခြင်းသည် မှားယွင်းကြောင်း တရုတ်ကို ကာကွယ်ပြောဆိုခဲ့သည်။

တရုတ်သည် သိပ္ပံ အခြေခံသော စုံစမ်းမှုကို လက်ခံသော်လည်း နိုင်ငံရေးဆိုင်ရာ ထိန်းချုပ်ခြယ်လှယ်မှုမှန်သမျှကို ငြင်းပယ်ကြောင်း ကျောင်လီကျန်းကပြောသည်ဟု Sydney Morning Herald ကဖော်ပြသည်။

တရုတ်ပြောရေးဆိုခွင့်ရှိသူက ဝူဟန်ဓာတ်ခွဲခန်း ယိုစိမ့်မှုကိစ္စကို ငြင်းဆိုရင်း Fort Detrick နှင့် မြောက်ကာရို လိုင်းနားတက္ကသိုလ် ကဲ့သို့သော အမေရိကန်ဓာတ်ခွဲခန်းများကိုလည်း စုံစမ်းစစ်ဆေးမှု ပြုလုပ် ရမည်ဟု ပြောကြားခဲ့သည်။ ကပ်ရောဂါကို ပြန့်ပွားစေသူအဖြစ် စွပ်စွဲခံထားရသော တရုတ်နိုင်ငံသည် သက်သေ အထောက်အထားမရှိဘဲ အမေရိကန်အပေါ် စွပ်စွဲပြောဆိုလျက်ရှိသည်။

ဓာတ်ခွဲခန်းမှ ဗိုင်းရပ်စ်ယိုစိမ့်မှု ယူဆချက်ကို မှေးမှိန်စေမှုအတွက် WHO အနေဖြင့် ဝေဖန်ပြစ်တင်မှု အများ အပြားကို ကြုံတွေ့ခဲ့ကြသည်။ WHO တာဝန်ရှိသူများသည် တရုတ်နိုင်ငံသို့ ယမန်နှစ်က သွားရောက်ခဲ့ကြ သော်လည်း ခရီးစဉ်မှာ တင်းကျပ်စွာ ထိန်းချုပ်ခံခဲ့ရသည်။ ခရီးစဉ်ပြီးနောက် WHO က ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန်မြို့ ဓာတ်ခွဲခန်းမှ လူများဆီသို့ ကူးစက်ပြန့်နှံ့နိုင်သည်ဆိုသည်မှာ ဖြစ်နိုင်ခြေ နည်းပါးကြောင်း ကောက်ချက် ချခဲ့သည်။

သို့သော် WHO က ဓာတ်ခွဲခန်းယိုစိမ့်မှုကို ထပ်မံစုံစမ်းစစ်ဆေးရန် ကြိုးစားမည်ဟူသော နောက်ဆုံး ထုတ်ပြန်လိုက်သော အစီရင်ခံစာက တရုတ်အား တစ်ဖန် ကျဉ်းထဲကျပ်ထဲ ပြန်ရောက်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required