ဆီဗာရိုဒွန်နက်စ်မြို့မှ ထွက်နိုင်သော နောက်ဆုံးလမ်းကြောင်းများကို ရုရှတပ်များ ဖြတ်တောက်

ဆီဗာရိုဒွန်နက်စ်မြို့မှ ထွက်နိုင်သော နောက်ဆုံးလမ်းကြောင်းများကို ရုရှတပ်များ ဖြတ်တောက်

ဇွန် ၁၄

ယူကရိန်းအရှေ့ပိုင်း ဆီဗာရိုဒွန်နက်စ်မြို့မှ အရပ်သားများကို ဘေးလွတ်ရာ ရွှေ့ပြောင်းကယ်ထုတ်နိုင်ရေးအတွက် သွားလာနိုင်သော နောက်ဆုံးကျန်ရှိနေသည့် လမ်းကြောင်းများကို ရုရှတပ်များက ဖြတ်တောက်ထားလိုက်ပြီ ဖြစ်ကြောင်း ယူကရိန်းအရာရှိတစ်ဦးက ပြောသည်။

ရုရှသည် ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသ၌ အောင်ပွဲရရန် တွန်းအားပေးလုပ်ဆောင်လျက် ရှိသည်။

ယခုအခါ ဆီဗာရိုဒွန်နက်စ်မြို့နှင့် ချိတ်ဆက်သည့် နောက်ဆုံးတံတား ဖျက်ဆီးခံထားရပြီ ဖြစ်သည့်အတွက် မြို့ထဲ၌ ကျန်ရှိနေသော အရပ်သားများ ပိတ်မိနေပြီဖြစ်သလို လူသားချင်းစာနာမှုအကူအညီများ ပေးပို့ရန် မဖြစ်နိုင်တော့ဟု ဒေသအုပ်ချုပ်ရေးမှူး ဆာဂေး ဂိုင်ဒိုင်က ပြောသည်။

ယင်းမြို့၏ ၇၀ ရာခိုင်နှုန်းခန့်သည် ရုရှထိန်းချုပ်မှုအောက်တွင် ရှိနေပြီဟု ၎င်းက ပြောသည်။

ဆီဗာရိုဒွန်နက်စ်မြို့ကို ခုခံကာကွယ်ရေးအတွက် အနောက်နိုင်ငံများထံမှ လက်နက်ကြီးများ ထပ်မံရရှိရေး ယူကရိန်းက ပန်ကြားမှုများကို တိုးမြှင့်လုပ်ဆောင်ထားသည်။ ဆီဗာရိုဒွန်နက်စ်မြို့သည် ယူကရိန်း အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသအတွက် တိုက်ခိုက်မှုနှင့် လက်ရှိ လေးလထဲ ရောက်လာပြီဖြစ်သည့် စစ်ပွဲအတွက် အဓိကကျနိုင်သည်ဟု ကိယက်ဗ်က ပြောသည်။

အရှေ့ဘက် ဒွန်ဘတ်စ်ဒေသအတွက် တိုက်ခိုက်မှုက ဥရောပသမိုင်းတွင် အရက်စက်ဆုံး တိုက်ပွဲတစ်ခုအဖြစ် မှတ်တမ်းတင်ရစ်လိမ့်မည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြီးခဲ့သည့် တနင်္လာနေ့တွင် ပြောခဲ့သည်။ လူဟန့်စ်နှင့် ဒွန်နက်စ် ခရိုင်များဖြင့် ဖွဲ့စည်းပါဝင်သော ဒွန်ဘတ်စ်ဒေသကို ၎င်းတို့ ရထိုက်သည်ဟု ရုရှခွဲထွက်ရေးသမားများက ပြောထားကြသည်။

“ကျွန်တော်တို့အတွက်ကတော့ ဒီတိုက်ပွဲအတွက် တန်ဖိုးက အရမ်းကို မြင့်ပါတယ်။ အဲဒါက ထိတ်လန့်စရာပါပဲ” ဟု ၎င်းက ပြောသည်။

“ယူကရိန်းအတွက် ခေတ်မီ အမြှောက်လက်နက်ကြီးတွေ လုံလုံလောက်လောက်ရရင်ပဲ ကျွန်တော်တို့ အသာစီးရဖို့ သေချာလိမ့်မယ်ဆိုတာကို ကျွန်တော်တို့ရဲ့ မိတ်ဖက်ပါတနာတွေ လက်ခံလာအောင် နေ့စဉ် စည်းရုံးနေပါတယ်”

ရုရှ၏ အဓိက ရည်မှန်းချက်က ဒွန်နက်စ်နှင့် လူဟန့်စ်ကို ကာကွယ်ရန် ဖြစ်သည်ဟု ရုရှအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဒီမစ်ထရီ ပက်စ်ကော့ဗ်က တနင်္လာနေ့က ပြောသည်။ ထိုမတိုင်မီ ခွဲထွက်ရေးဒေသနှစ်ခုအနက် တစ်ခု၏ ခေါင်းဆောင်ဖြစ်သူက မော်စကိုထံမှ ထပ်တိုးတပ်ဖွဲ့များ စေလွှတ်ပေးရေး တောင်းဆိုထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly