ဆီဗာရိုဒွန်နက်စ်မြို့လယ်မှ ယူကရိန်းတပ်များ တပ်ဆုတ် 

ဆီဗာရိုဒွန်နက်စ်မြို့လယ်မှ ယူကရိန်းတပ်များ တပ်ဆုတ် 
Photo - AFP

ဇွန် ၁၃ 

ရုရှနှင့် သီတင်းပတ်များစွာ တိုက်ပွဲဖြစ်နေရာ အရှေ့ပိုင်း ဆီဗာရိုဒွန်နက်စ်မြို့လယ်မှ တပ်များ တပ်ဆုတ်ခွာခဲ့ရကြောင်း ယူကရိန်းက တနင်္လာနေ့တွင် ပြောသည်။ 

“လက်နက်ကြီး ပစ်ကူနဲ့ ရန်သူတွေဟာ ဆီဗာရိုဒွန်နက်စ်မြို့ကို တိုက်စစ်ဆင်နေရာမှာ တစ်စိတ်တစ်ဒေသ အောင်မြင်နေတယ်၊ ကျွန်တော်တို့ တပ်တွေကို မြို့လယ်ကနေ ဆုတ်ခွာခဲ့ရတယ်”ဟု ယူကရိန်းစစ်တပ်က ဖေ့ဘုတ်တွင် ရေးသားသည်။ 

“မြို့ကို တိုက်ခိုက်နေရာမှာ ညပိုင်းက ရုရှတပ်တွေ တစ်စိတ်တစ်ပိုင်း အောင်မြင်တယ်”ဟု ဌာနေအုပ်ချုပ်ရေးမှူး ဆာဂျေး ဂိုင်ဒေးကလည်း ပြောသည်။ 

“ရုရှတွေဟာ မြို့လယ်ကနေ ကျွန်တော်တို့ တပ်တွေကို တိုက်ထုတ်ပြီး မြို့ကို ဆက်ပြီး ဖျက်ဆီးနေတယ်”ဟု ၎င်းက ဖေ့ဘုတ်ပေါ်တွင် ရေးသားသည်။ 

မြို့၏ ၇၀ ရာခိုင်နှုန်းကျော်ကို ရုရှတပ်များက ထိန်းချုပ်ထားပြီဖြစ်ကြောင်း ဂိုင်ဒေးက ဆိုသည်။ 

ကလေး ၄၀ အပါအဝင် အရပ်သား ၅၀၀ ခိုလှုံနေသော အဇော့ဓာတုစက်ရုံကို ရုရှတပ်များက ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက်ရှိသည်ဟုလည်း ဂိုင်ဒေးက ပြောသည်။ 

“အရပ်သားတွေအတွက် လူသားချင်းစာနာထောက်ထားရေး စင်္ကြံဖွင့်လှစ်ပေးဖို့ ကျွန်တော်တို့ စေ့စပ်ညှိနှိုင်း ကြိုးစားနေပါတယ်”ဟု တယ်လီဂရမ်က သီးခြားဗီဒီယိုတစ်ရပ်တွင် ၎င်းက ပြောသည်။ 

လက်ရှိအထိမူ စေ့စပ်ညှိနှိုင်းရေးက မအောင်မြင်သေးကြောင်း ၎င်းက ဖြည်စွက်ဆိုသည်။ 

ရုရှတပ်များသည် ဆီဗာရိုဒွန်နက်စ်နှင့် အနီးနားက လိုင်ဆိုင်ချန်စ်မြို့တို့ကို ဝိုင်းရံပိတ်ဆို့ရေးအတွက် အင်အားစုဖွဲ့မှု တိုး၍ ချလာသည်ဟု ဂိုင်ဒေးက အစောပိုင်းက ဆိုထားသည်။ 

ဆီဗာရိုဒွန်နက်စ်၏ မြစ်တစ်ဖက်ကမ်းက လိုင်ဆိုင်ချန်စ်မြို့တွင် ၂၄ နာရီအတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခြောက်နှစ်အရွယ် ယောက်ကျားလေးတစ်ဦးအပါအဝင် အရပ်သား သုံးဦး သေဆုံးရသည်ဟု ၎င်းက ပြောသည်။ 

ယင်းမြို့တွင် ရုရှတပ်များသို့ သတင်းများ ပေးပို့နေသော သစ္စာဖောက် အယောက် ၅၀ ကို ယူကရိန်းလုံခြုံရေးတပ်များက ဖော်ထုတ်နိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။ 

ဆီဗာရိုဒွန်နက်စ်မြို့၌ ယူကရိန်းနှင့် ရုရှတပ်များသည် နယ်မြေထိန်းချုပ်နိုင်ရေးအတွက် တိုက်ပွဲဆင်နေကြကြောင်း တနင်္ဂနွေနေ့ နှောင်းပိုင်း၌ သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly