ပြည်တွင်းရေးတွင် အခြားနိုင်ငံများ မစွက်ဖက်ကြရန် ဆော်ဒီဘုရင် သတိပေး

ပြည်တွင်းရေးတွင် အခြားနိုင်ငံများ မစွက်ဖက်ကြရန် ဆော်ဒီဘုရင် သတိပေး

ရီယာ့၊ ဖေဖော်ဝါရီ - ၈ ။            ။ ဆော်ဒီအာရေဗျ၏ ဘုရင် ဆယ်မန်က ဘုရင့်နိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက် မစွက်ဖက်ကြရန် အခြားနိုင်ငံများကို သတိပေးလိုက်ရာ ရီယာ့က ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် ကြိုးစားနေသည်ဟု စွပ်စွဲထားသော အဓိကရန်သူ အီရန်ကို ရည်ရွယ်ပုံရသည်ဟု ဆိုသည်။

‘တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ မစွက်ဖက်ပဲ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့က ကျနော်တို့ရဲ့ အခွင့်အရေးပါ။ တခြားနိုင်ငံတွေကိုလည်း ကျနော်တို့ရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ကြဖို့ တိုက်တွန်းပါတယ်’ဟု ဆယ်မန်က ရီယာ့တွင် ကျင်းပခဲ့သည့် ဂျနာဒရီယာ ယဉ်ကျေးမှုပွဲတော် ဖွင့်ပွဲအခန်းအနား၌ ပြောကြားခဲ့သည်ဟု SPA သတင်းအေဂျင်စီ၏ သတင်းအရ သိရှိရသည်။

‘ကျနော်တို့ရဲ့ နယ်မြေတွေကို ကာကွယ်ရာမှာ၊ သူတို့ရဲ့ လွတ်လပ်ရေးကို ခိုင်မာသေချာစေရာမှာ၊ ပြီးတော့ သူတို့ရဲ့ ပြည်သူတွေအသီးသီးက သဘောတူပြဌာန်းထားတဲ့ အစိုးရစနစ်အသီးသီးကို ထိန်းသိမ်းရာမှာ နယ်ပယ်အားလုံးက အာရပ်နဲ့ မွတ်စလင် ညီအစ်ကိုများနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်’ဟု ဆယ်မန်က ထပ်လောင်း ပြောကြားခဲ့သည်။

ဆယ်မန်က အသေးစိတ်ကို အကျယ်တဝင့်ပြောကြားခြင်းမရှိသော်လည်း သူ၏ မှတ်ချက်စကားများမှာ အီရန်ကို ရည်ရွယ်ပုံရသည်။ အီရန်မှာ ဆီးရီးယား၊ လက်ဘနွန်၊ အီရတ်နှင့် ယီမင်တို့မှ စစ်သွေးကြွများိကု ထောက်ခံမှုပေးခြင်းဖြင့် အာရပ်နိုင်ငံများကို မတည်မငြိမ်ဖြစ်အောင် ဂိုဏ်းဂဏဝါဒကို ဖြန့်ဝေနေသကဲ့သို့၊ ဘာရိန်းနှင့် ဆော်ဒီအာရေဗျတွင်လည်း မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်နေသည်ဟု ရီယာ့က စွပ်စွဲထားသည်။  

အီရန်ကမူ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင်ကြိုးစားနေသည် (သို့မဟုတ်) ဂိုဏ်းဂဏစွဲ အမုန်းပွားအောင် လှုံ့ဆော်နေသည်ဟူသော စွပ်စွဲချက်များကို ငြင်းဆန်ခဲ့သည်။ ရီယာ့ကသာလျှင် ဆီးရီးယားမှ သူပုန်များကို ထောက်ခံမှုပေးခြင်း၊ ယီမင်စစ်ပွဲအတွင်းသို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခြင်းနှင့် ရှီးယားကို မိစ္ဆာဒိဌိဟု သတ်မှတ်သည့် ရှေးရိုးစွဲလွန် ဆွန်နီမွတ်စလင်ဂိုဏ်းကို ဝါဒဖြန့်ခြင်းများဖြင့် ဒေသတွင်း မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်နေသည်ဟု ပြန်လှန် စွပ်စွဲခဲ့သည်။

ဖအေတူမအေကွဲအစ်ကိုဖြစ်သူ သေဆုံးသွားပြီးနောက် တစ်နှစ်အလွန်က ထီးနန်းဆက်ခံခဲ့သည့် ဆော်ဒီဘုရင်က ယီမင်တွင် အီရန်မဟာမိတ် စစ်သွေးကြွများက ဖြုတ်ချဖယ်ရှားခဲ့သည့် အစိုးရ အာဏာပြန်ရရေး စစ်ရေးဖြင့် ကျားကန်ပေးရန် အာရပ်နိုင်ငံများကို ညွှန့်ပေါင်းဖွဲ့ကာ လေကြောင်းစစ်ဆင်ရေးများ ဆင်နွှဲနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly