၅၉(စ) ပြင်ဆင်ရေး တပ်မတော်နှင့် ပြေလည်နိုင် ဆိုသည့်သတင်း ထုတ်လွှင့်ခဲ့သည့်ကိစ္စ MNTV ပြန်လည်ဖြေရှင်း

၅၉(စ) ပြင်ဆင်ရေး တပ်မတော်နှင့် ပြေလည်နိုင် ဆိုသည့်သတင်း ထုတ်လွှင့်ခဲ့သည့်ကိစ္စ MNTV ပြန်လည်ဖြေရှင်း

"၅၉(စ) ပြင်ဆင်ရေး တပ်မတော်နှင့် ပြေလည်နိုင်" ဆိုသည့်သတင်း ရွှေသံလွင်မီဒီယာကုမ္ပဏီ လက်အောက်ရှိ MNTV ရုပ်သံသတင်းဌာနက ထုတ်လွှင့်ခဲ့ကြာင်း လူမှုကွန်ယက်တွင် ပျံနှံ့နေမှု နှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၈ရက်တွင် MNTVက ၎င်းတို့၏ ရုပ်သံသတင်းဌာနမှ တစ်ဆင့် ကြေငြာချက်ထုတ်ပြန်ကာ ဖြေရှင်းလိုက်သည်။

"MNTV၏ ၇.၂.၂၀၁၆ ည ၇နာရီ သတင်းအစီအစဉ်တွင် ပုဒ်မ ၅၉(စ) နှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့၏ သဘောထားများကို ထုတ်လွှင့်ခဲ့ပါသည်။ ယခုအခါ လူမှုကွန်ယက်စာမျက်နှာများတွင် လွှတ်တော်ကိုယ်စားလှယ် အချို့၏ ပြောကြားချက်များကို ကောက်နုတ်ယူပြီး ပုဒ်မ ၅၉(စ) နှင့် ပတ်သက်၍ ပြေလည်မှု ရရှိပြီဟု ဖော်ပြနေသည်ကို တွေ့ရှိရပါသည်။  အဆိုပါဖော်ပြချက်မှာ MNTV သတင်းအစီအစဉ်တွင် ဖော်ပြချက်နှင့် ကွဲလွဲနေပါကြောင်း နှင့် MNTV အနေဖြင့် ပုဒ်မ ၅၉(စ) ပြင်ဆင်မှု ပြေလည်မှု ရရှိပြီဟု သတင်းထုတ်ပြန်ခြင်း မဟုတ်ပါကြောင်း တင်ပြအပ်ပါသည်" ဟု ပြန်လည် ရှင်းလင်းထားသည်။ 

ရွှေသံလွင်မီဒီယာကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးကို ဖေဖော်ဝါရီ ၈ရက် နံနက် ၁၁နာရီခန့်က မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ "အန်ကယ်လည်း အခု အဲ့ဒီ့ကိစ္စ အရမ်းရှင်းနေရတယ်။ ကိုယ်မလုပ်တဲ့ ကိစ္စတစ်ခုကို ဖိုတိုရှော့နဲ့ ဖွတာပေါ့နော်။ ဒါအတည်ပြုပါဆိုရင်တော့ We did not do that (ကျွန်တော်တို့ ဒီလိုမလုပ်ပါဘူး)။ ဒါမျိုးသတင်းမျိုးဆိုတာ အစိုးရကပဲ MRTV တို့ ကပဲ ထုတ်ပြန်ရမှာပေါ့နော်" ဟု ၎င်းက ပြောသည်။ 

ဖေဖော်ဝါရီ ၇ရက် ညက MNTV ၏ သတင်းတင်ဆက်သူ၏ သတင်းတင်ဆက်နေသည့် ဓာတ်ပုံနှင့်အတူ ည၇နာရီသတင်းတွင် ဖော်ပြခဲ့သည်ဟုဆိုကာ လူမှုကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာတွင် ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။ ယင်းသတင်းကို လက်ရှိ ပြန်ကြားရေးဝန်ကြီးလည်းဖြစ်၊ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးရဲထွဋ်က ပြောဆိုကြောင်း သတင်းများ ထွက်လာခြင်းဖြစ်သည်။ 

သို့သော် MNTV၏ ၇နာရီသတင်းကို စောင့်ကြည့်ခဲ့သည့် သတင်းထောက် မရွှေစုကမူ ယင်းသတင်းမှာ အမှန်တကယ် ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု မဇ္ဈိမကို ပြောသည်။ 

"ဖော်ပြခဲ့ပါတယ်။ အဲ့ဒီ့လို စာသားထိုးပြီးပဲ ပြောပြတာ။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဦးရဲထွဋ်နဲ့ကို မေးတာ။ ဦးရဲထွဋ်က ပြောတာတော့ အဲ့လိုမျိုး တိုက်ရိုက်ကြီးတော့ မဟုတ်ဘူး။ ၅၉(စ)ကို မြေးနဲ့ ချွေးမကိုတော့ ပယ်ဖျက်သင့်တယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်ကို နိုင်ငံသားခံယူခိုင်းလိုက်ရင် ဒီဥပဒေက ဖြစ်နိုင်တယ်ဆိုတာမျိုး ပြောသွားတာ" ဟု ပြန်လည်ရှင်းပြသည်။

ဖေဖော်ဝါရီ ၈ရက် နံနက်ပိုင်းတွင်မူ ယမန်နေ့က ခေါင်းစဉ်မှားယွင်းဖော်ပြမိခဲ့ကြောင်း MNTV က ပြန်လည်ကြေငြာထားသည်ကိုလည်း တွေ့ရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးဦးရဲထွဋ်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ယင်းပုဒ်မအရ နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုသမ္မတလုပ်မည့် ပုဂ္ဂိုလ်၏ မိသားစုဝင်များ နိုင်ငံခြားသားခံယူထားပါက ထိုသူသည် နိုင်ငံ၏ ခေါင်းဆောင်ဖြစ်လာခွင့်မရှိပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)သည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်မည့် အခွင့်အရေးကို ပိတ်ပင်ထားသည့် ပုဒ်မလည်းဖြစ်သည်။ 

ယင်းပုဒ်မကို ပြင်ဆင်ရေးအတွက် စစ်တပ်က လက်ခံလိမ့်မည်မဟုတ်ဟု တပ်အသိုင်းအဝန်းပြောဆိုကြောင်းလည်း ဖေဖော်ဝါရီ ၇ရက်က အမေရိကန်အခြေစိုက် Wall Street Journal၏ ဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖော်ပြထားသည်။ 

တပ်မတော်က ထုတ်ဝေသည့် မြဝတီသတင်းစာတွင်လည်း ခေါင်းကြီးပိုင်း၌ ၅၉ (စ) မည်သို့မှ အပြောင်းလဲမခံသင့်ကြောင်း အယ်ဒီတာအာဘော်ရေးသားဖော်ပြခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly