ပါကစ္စတန် ခရီးစဉ်အတွင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိ

ပါကစ္စတန် ခရီးစဉ်အတွင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိ

ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိခဲ့သည့် ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး အန်နာလီနာ ဘဲဘော့ခ်သည် ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ဇွန် ၇ ရက်တွင် သူမ၏ ခရီးစဉ်ကို သတ်မှတ်ရက်မတိုင်မီ အဆုံးသတ်ခဲ့သည်။

သူမ၏ ခရီးစဉ်သတင်းကို ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အတည်ပြုခဲ့သည်။

“အန်နာလီနာ ဘဲဘော့ခ်ဟာ ဒီနေ့ နေ့လယ်စာ စားပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ် ဆိုတဲ့ ဆေးစစ်ချက်အဖြေ ထွက်ခဲ့တာပါ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြောင်း the News International မီဒီယာက ဖော်ပြသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးသည် ဂရိနှင့် တူရကီနိုင်ငံသို့ သွားရောက်မည့် အစီအစဉ်များ အပါအဝင် ခရီးစဉ်၏ နောက်ထပ် နေ့ရက် အစီအစဉ်အားလုံးကို ဖျက်သိမ်းခဲ့ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ဘဲဘော့ခ်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိ အမြဲတစေ ကိုယ်တိုင် ပုံမှန် စစ်တတ်သူဖြစ်ကြောင်း ဝန်ကြီးဌာန၏ တရားဝင် တွစ်တာအကောင့်က ထုတ်ဖော်သည်။

ထိုနေ့ မနက်ပိုင်းကပင် သူမသည် ဗိုင်းရပ်စ် ကူးစက်ခံရခြင်းမရှိ ဆိုသည့် အဖြေထွက်ထားခဲ့သေးသည်ဟု ယင်းတွစ်တာအကောင့်က ထုတ်ဖော်ခဲ့ကြောင်း News International မီဒီယာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required