အမေရိကန်အစိုးရက တရုတ်သို့ ကာကွယ်ရေးနည်းပညာများပေးပို့သည့် ကုမ္ပဏီ ၃ ခုကို အရေးယူ

အမေရိကန်အစိုးရက တရုတ်သို့ ကာကွယ်ရေးနည်းပညာများပေးပို့သည့် ကုမ္ပဏီ ၃ ခုကို အရေးယူ

တရုတ်နိုင်ငံသို့ စစ်ဘက်ဆိုင်ရာ ကာကွယ်ရေးနှင့် အခြားနည်းပညာများ ရောင်းချသည့် ကုမ္ပဏီ ၃ ခုကို အမေရိကန်အစိုးရက ဇွန် ၉ ရက်က အရေးယူခဲ့သည်။

ကုမ္ပဏီ ၃ ခုဖြစ်သည့် Quicksilver Manufacturing Inc.၊ Rapid Cut LLC နှင့် US Prototype Inc. တို့သည် အမေရိကန်ကုမ္ပဏီများထံမှ ဂြိုလ်တု၊ ဒုံးပျံနှင့် ကာကွယ်ရေး ရှေ့ပြေးပုံစံများအတွက် အသေးစိတ်ပုံစံများကို ရယူခဲ့ကာ နောက်ပိုင်းတွင် အဆိုပါ အသေးစိတ်ပုံစံများကို 3-D ပုံစံထုတ်ရန် တရုတ်ကုမ္ပဏီများထံ ပေးပို့ခဲ့ကြောင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနက ပြောသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

'တရုတ်နိုင်ငံသို့ အာကာသနှင့် ကာကွယ်ရေးဆိုင်ရာ ပုံစံငယ် 3-D ပုံများ ပေးပို့ခြင်းသည် အမေရိကန် အမျိုးသားလုံခြုံရေးကို ထိခိုက်စေသည်' ဟု ပို့ကုန်ထိန်းချုပ်ရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မက်သရူးကအက်ဇယ်ရော့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နည်းပညာဆိုင်ရာ ရုပ်ပုံများနှင့် ပုံစံငယ်များကို တရုတ်သို့ပေးပို့ခြင်းဖြင့် ဤကုမ္ပဏီများသည် ဝင်ငွေရနိုင်သော်လည်း အမေရိကန်စစ်ဘက်နည်းပညာများကို အဆုံးရှုံးခံကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်အစိုးရက အဆိုပါကုမ္ပဏီ ၃ ခုအား တင်ပို့ခွင့်ကို ရက်ပေါင်း ၁၈၀ ဆိုင်းငံ့ထားသည်။

အမေရိကန်သည် လျှို့ဝှက်သော ကာကွယ်ရေးနှင့်တခြားအချက်အလက်များကို တရုတ်သို့ ပေါက်ကြားမှုမရှိစေရန် ကာလရှည်ကြာ ရုန်းကန်နေရသည်။ ၂၀၂၀ ခုနှစ်က အမေရိကန်၏ ကိုဗစ်-၁၉ ဆိုင်ရာသုတေသနကို ခိုးယူရန် ကြိုးစားသော တရုတ်ဟက်ကာအဖွဲ့ကို အမေရိကန်တရားရေးဌာနက တရားစွဲဆိုခဲ့သည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်တွင် ၂၀၁၇ ခုနှစ်က စုံစမ်းမှုတစ်ခုပြုလုပ်ခဲ့ပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၂၅ ဘီလီယံမှ ၆၀၀ ဘီလီယံအထိ တန်ဖိုးရှိသော အမေရိကန်၏ ဉာဏပစ္စည်းများကို တရုတ်က ခိုးယူခဲ့ကြောင်း တွေ့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly