အရှေ့ပိုင်းနှင့် တောင်ပိုင်းမှ ရုရှတပ်များကို ယူကရိန်းက တိုက်ထုတ်နိုင်ရေး ကြိုးပမ်း 

အရှေ့ပိုင်းနှင့် တောင်ပိုင်းမှ ရုရှတပ်များကို ယူကရိန်းက တိုက်ထုတ်နိုင်ရေး ကြိုးပမ်း 
Photo - AFP

ဇွန် ၁၁

ယူကရိန်းနိုင်ငံရှိ အိုဒက်ဆာဆိပ်ကမ်း ပြန်လည်ဖွင့်လှစ်နိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ဂျုံကောက်ပဲသီးနှံ အကျပ်အတည်းကို ပြေလျော့စေရေးအတွက် ကူညီမည်ဟု ပြင်သစ်နိုင်ငံက ကမ်းလှမ်းထားစဉ် အရှေ့ပိုင်းနှင့်‌ တောင်ပိုင်းတို့မှ ရုရှတပ်များကို တိုက်ထုတ်နိုင်ရေး ယူကရိန်းက သောကြာနေ့တွင် ကြိုးပမ်းလာခဲ့သည်။ 

တစ်ချိန်တည်းတွင် ယူကရိန်းအတွက် တိုက်ပွဲဝင်နေသည့် ဖမ်းဆီးခံရသော ဗြိတိန်နိုင်ငံသား နှစ်ဦးနှင့် မော်ရိုကိုနိုင်ငံသားတစ်ဦးတို့ကို ရုရှလိုလားသော ခွဲထွက်ရေးသမားများက သေဒဏ်ပေးခြင်းကြောင့် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများက ပြောဆိုလာခဲ့သည်။ 

သိမ်းပိုက်ခံ ခါဆွန်တောင်ပိုင်းဒေသက ရုရှပစ်မှတ်များကို လေကြောင်းထိုးစစ်သစ်များ ဆင်နွှဲကြောင်း ယူကရိန်းက သောကြာနေ့တွင် ပြောသည်။ ခါဆွန်မြို့သည် ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော်စစ်စချိန်မှနောက်ပိုင်း ရုရှတို့ ပထမဆုံး သိမ်းပိုက်ရရှိသည့် ဒေသဖြစ်သည်။ 

အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို ရုရှက လက်နက်အင်အား၊ လူအင်အားစုစည်းကာ ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး အထူးသဖြင့် ဆီဗာရိုဒွန်နက်စ် အရှေ့ပိုင်းစက်မှုမြို့ဝန်းကျင်တွင် တိုက်ပွဲများ ပို၍ ပြင်းထန်သည်။ 

အဓိကအားကစားကွင်းတစ်ခုကို ရုရှတပ်များက ဖျက်ဆီးလိုက်ကြောင်း ဒေသအုပ်ချုပ်ရေးမှူး ဆာဂျေး ဂိုင်ဒေးက သောကြာနေ့တွင် ပြောသည်။ 

ဆီဗာရိုဒွန်နက်စ်မြို့ မြစ်တစ်ဖက်ကမ်းမှ လိုင်ဆိုင်ချန်စ်မြို့က ပြည်သူများက မြို့မှာပင် ဆက်နေရမည်လား၊ သို့မဟုတ် နေအိမ်များကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ရမည်လားဆိုသည်ကို ရွေးချယ်ရခက်နေကြောင်း အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြသည်။ 

ရေရရှိရန်အတွက် မြို့က ရေဖြန့်ဖြူးရာနေရာသို့ သွားပြီး ရယူနေရခြင်း ဖြစ်ကြောင်း အသက် ၃၉ နှစ်အရွယ် မြို့ခံ ဇာယီယာဒါက ပြောသည်။ 

“အမြောက်ကြီးတွေ၊ လက်နက်ကြီးတွေ ပစ်ခတ်မှုအောက်မှာ ကျွန်တော်တို့ နေထိုင်နေရတာပါ၊ ဒီလို အခြေအနေမျိုးမှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်”ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly