မန္တလေးမြို့ပေါ်တွင် ကျူးဟုဆိုကာ နေအိမ် ၄၀၀ ဝန်းကျင်ကို ရက်ပိုင်းအတွင်း စစ်ကောင်စီ ဖျက်ဆီး

11 June 2022
မန္တလေးမြို့ပေါ်တွင် ကျူးဟုဆိုကာ နေအိမ် ၄၀၀ ဝန်းကျင်ကို ရက်ပိုင်းအတွင်း စစ်ကောင်စီ ဖျက်ဆီး

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရတနာလမ်း ၁၃၁ လမ်း ၅၉ လမ်းရှိ (ဋ) ရပ်ကွက်က လူနေအိမ်များကို ကျူးကျော်ဟုဆိုကာ လူနေအိမ် ၄၀၀ ဝန်းကျင်ကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်နှင်ရဲပူးပေါင်းအဖွဲ့သည် ဇွန်လ ၈ ရက်နေ့က စတင်၍ အဆိုပါ ရပ်ကွက်အတွင်းရှိ လူနေအိမ်များကို ကျူးကျော်ဟုဆိုကာ ဖယ်ရှားရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီသည် ပြည်ကြီးတံခွန်မြို့နယ် (ဋ) ရပ်ကွက်ရှိ အပိုင်း (၇) နှင့် အပိုင်း (၈) မှ လူနေအိမ်ပေါင်း ၁၀၀ နီးပါးကို ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့တွင် အင်အား အလုံးအရင်းဖြင့် လမ်းများပိတ်ဆို့ကာ လာရောက် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း ဒေသခံများ က ဆိုသည်။

“မနေ့က ဖျက်သွား တဲ့ဟာတွေဆို အိမ်ထဲက ပန်းကန်တွေတောင် ဝင်ယူချိန် မရလိုက်ဘူး။ ဒီနေ့တော့ အပိုင်း (၅ ) မှာ သူတို့မဖျက်ဘဲ ကျန်ခဲ့တဲ့ အိမ်တွေကို ကိုယ်ကိုယ်တိုင် ဖြိုဖျက်နေရပါတယ်” ဟု ဒေသခံတစ်ဦးက ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မဇ္ဈိမကို ပြောသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ ရတနာလမ်း ၁၃၁ လမ်း ၅၉ လမ်းရှိ (ဋ) ရပ်ကွက်တွင် အပိုင်း( ၁) မှ (၁၁) အထိရှိကာ လူနေအိမ်ပေါင်း ၅,၀၀၀ နီးပါးရှိကြောင်း သိရပြီး အထောက်အထား၊ အပြည့်အစုံဖြင့် အခိုင်အမာ ဆောက်လုပ်ထားသော နေအိမ်များကိုပါ ကျူးဟုဆိုကာ စစ်ကောင်စီက ဖယ်ရှားရှင်းလင်းနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“သူတို့က(စစ်ကောင်စီတပ်ဖွဲ့) ဒီနေ့တော့ မလာဘူး။ နောက်သုံးရက်နေရင် ထပ်လာမယ်လို့ ပြောသွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

တချို့ အိမ်ပိုင်ရှင်များကမှု စစ်ကောင်စီ၏ ဘူဒိုဇာဖြင့် ဖယ်ရှားရှင်းလင်းမှုကို မခံရစေရန် မိမိအိမ်ကို မိမိကိုယ်တိုင် ဖြိုဖျက်ပြီး နေရာရွှေ့ပြောင်းနေကြကြောင်း သိရသည်။ 

နေအိမ်ဖယ်ရှားခံရသူများအနက် တချို့မှာအိမ်ငှား၍ထိုင်ကြသလို နေစရာမရှိဘဲ အခက်အခဲများစွာ ကြုံနေကြရသူများလည်း ရှိကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီက ယခုနှစ်စပိုင်းကစတင်၍ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်ရှိ အချက်အချာကျသည့် နေရာများမှ လူနေအိမ်များကို ကျူးကျော်ဟုဆိုကာ ဖယ်ရှားရှင်းလင်းမှုများကို လုပ်ဆောင်နေခြင်း ဖြစ်သည်။

#Mizzima 
#မန္တလေးတိုင်း
#ပြည်ကြီးတံခွန်မြို့နယ်
#စစ်ကောင်စီ
#ကျူးကျော်နေအိမ်များ
#ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly