အတုအယောင်တရုတ်ခရီးစဉ်အပြီး၌ ဘက်ချလက်အား နုတ်ထွက်ပေးရန် လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို

အတုအယောင်တရုတ်ခရီးစဉ်အပြီး၌ ဘက်ချလက်အား နုတ်ထွက်ပေးရန် လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို

ကုလသမဂ္ဂ၏လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးသည် တရုတ်ခရီးစဉ်တွင်း တရုတ်အစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ ရက်စက်ကြမ်းကြုတ်မှုများကို ဖုံးကွယ်ပေးပြီးနောက် လူ့အခွင့်အရေးအဖွဲ့ပေါင်း ၂၃၀ က ၎င်းအား ချက်ချင်းနုတ်ထွက်ပေးရန် တောင်းဆိုလိုက်သည်။

“ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ မဟာမင်းကြီးရဲ့ လုပ်ပိုင်ခွင့်သက်တမ်းကို ထပ်တိုးပေးရေး အဆိုမပြုဖို့နဲ့ အရှေ့တာကစ္စတန် (ရှင်ကျန်း) က ဝီဂါနဲ့တာကစ်အသိုက်အဝန်းအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာကို ချက်ချင်းထုတ်ပြန်ဖို့ လူ့အခွင့်အရေးမဟာမင်းကြီးကို တောင်းဆိုလိုက်ပါတယ်” ဟု ကမ္ဘာ့ဝီဂါကွန်ဂရက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘက်ချလက်သည် ၂၀၀၅ ခုနှစ်နောက်ပိုင်း မဟာမင်းကြီးအနေဖြင့် ပထမဆုံး ၆ ရက်တာ တရုတ်ခရီးစဉ်တွင် တရုတ်အာဏာပိုင်များကျူးလွန်သည့် များပြားလှသည့် စနစ်ကျသော လူ့အခွင့်အရေးချိုးဖောက်မှုများကို မဖြေရှင်းနိုင်ခဲ့ဘဲ တာဝန်ယူမှုတာဝန်ခံမှုကို ဖြစ်မြောက်စေမည့် ရှားပါးအခွင့်အရေးတစ်ရပ်ကို အချည်းနှီး ဖြစ်စေခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့က ဆိုသည်။

မဟာမင်းကြီးသည် တရုတ်အစိုးရ၏ မှားယွင်းသော အကြမ်းဖက်မှု တန်ပြန်ရေးမူဘောင်ကို အသုံးပြုလျက် နာမည်ဆိုးဖြင့်ကျော်ကြားသော အကျဉ်းစခန်းများကိုလည်း အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရေးနှင့်လေ့ကျင့်ရေးစင်တာဟု ထပ်တလဲလဲ ညွှန်းဆိုခြင်းဖြင့် ပြစ်မှုများကို ဖုံးကွယ်လိုသည့် တရုတ်၏ကြိုးပမ်းမှုကို တရားဝင်ဖြစ်စေခဲ့သည်ဟု ဝီဂါအဖွဲ့ကပြောသည်။

ခရီးစဉ်မတိုင်မီ ရက်ပိုင်းက ဝီဂါထောင်ပေါင်းများစွာကို အစုလိုက်အပြုံလိုက် အကျဉ်းချထားသည့် သက်သေများ နှင့် ထိန်းသိမ်းခံများကို ရာဇဝတ်သားများကဲ့သို့ ဆက်ဆံရန်နှင့် ထွက်ပြေးရန်ကြိုးစားသူကို ပစ်သတ်ရန် ညွှန်ကြားချက်များပါသော ရှင်ကျန်းရဲမှတ်တမ်းဖိုင်များ ပေါက်ကြားခဲ့သည်။ ထိုဖြစ်ရပ်အား ချက်ချင်း စုံစမ်းစစ်ဆေးရန် ကမ္ဘာ့ခေါင်းဆောင်များက တောင်းဆိုခဲ့ကြသော်လည်း ဘက်ချလက်သည် နှုတ်ဆိတ်နေခဲ့သည်။

မဟာမင်းကြီးသည် အရှေ့တာကစ္စတန်ရှိ ဝီဂါများနှင့် အခြားတာကစ်အသိုက်အဝန်းနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်ရန်လည်း အချိန်ဆွဲထားသည်။

အဆုံးမရှိသော ဖြေရှင်းချက်မပေးနိုင်သော နှောင့်နှေးမှုများကြောင့် လုပ်ပိုင်ခွင့်ကို ကျေပွန်အောင်ထမ်းဆောင်မည်ဆိုသောသူမ၏ ရုံးအပေါ် ယုံကြည်ရမှုမှာ
မေးခွန်းထုတ်စရာဖြစ်လာသည်ဟု ကမ္ဘာ့ဝီဂါကွန်ဂရက်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required