ဘင်္ဂလားဒေ့ရှ်ရှိ တရုတ်ကုမ္ပဏီများ တရားမဝင်သည့်လုပ်ရပ်များကို ကျူးလွန်နေ

ဘင်္ဂလားဒေ့ရှ်ရှိ တရုတ်ကုမ္ပဏီများ တရားမဝင်သည့်လုပ်ရပ်များကို ကျူးလွန်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ တရုတ်ကုမ္ပဏီအများအပြားသည် အထူးသဖြင့် ဆောက်လုပ်ရေးကဏ္ဍနှင့် စာရွက်စာတမ်းအတုများ ရိုက်နှိပ်ခြင်းအပြင် တားမြစ်ထားသော ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းဖြင့် မရိုးသားသော လုပ်ရပ်များကို ကျူးလွန်နေကြသည်။

တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခုဖြစ်သည့် Hangzhou Union Biotechnology Co Ltd (HUBCoL) သည် တားမြစ်ထားသော ဖြည့်စွက်စာနှင့် ဆေးဝါးပစ္စည်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန် ယခုနှစ် မေလအတွင်းက ကြိုးပမ်းမှုတွင် အဓိကပါဝင်နေကြောင်း Bangladesh Live News သတင်းတွင် ဖော်ပြသည်။

HUBCoL ကုမ္ပဏီသည် ၎င်း၏ ဒါကာအခြေစိုက်အဖွဲ့အစည်းများထံသို့ ဆပ်ပြာကုန်ကြမ်းကို ပေးပို့ရန် အကောက်ခွန်သို့ကြေညာထားသည်ဟု ယူဆရသည်။ သို့သော် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ကွင်းဆင်းစစ်ဆေးကြည့်ရာတွင် ဆပ်ပြာကုန်ကြမ်း တံဆိပ်ကပ်ထားသော ၁၉ တန်အလေးချိန်ရှိ ဆေးသကြား (Sodium Cyclamate- SC) အထုပ်ပေါင်း ၇၈၈ ထုပ်ကို တွေ့ရှိခဲ့သည်။

၎င်းကုန်စည်များသည် တရုတ်နိုင်ငံ CNTAO ချင်းဒေါင်ဆိပ်ကမ်းမှ စစ်တကောင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။ SC သည် သိပ်သည်းဆများသော သကြားတစ်မျိုးဖြစ်ပြီး သာမန်သကြားထက် အဆ ၃၀ မှ ၅၀ အထိ ပိုချိုသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက SC ကို တရားမဝင်သော တားမြစ်ပစ္စည်းအဖြစ် သတ်မှတ်ထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လမ်းနှင့် တံတားများကို ဆောက်လုပ်သော တရုတ်လမ်းနှင့်တံတားဆောက်လုပ်ရေး (CRBC) ကုမ္ပဏီသည် အစိုးရစီမံကိန်းများအတွက် ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းစဉ် အခွန် ရှောင်ခဲ့ကြောင်း အာဏာပိုင်များက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းတွင် တွေ့ရှိခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် Live News သတင်းတွင် ဖော်ပြထားသည်။

တရုတ်ကုမ္ပဏီ Digi Anti Fake Company သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလက ဖဲပြားအတု (ဆေးပေါ့လိပ်နှင့် စီးကရက်များကို ပတ်ရာတွင်သုံးသည့် ပါးလွှာသော ဖဲကြိုး) များကို ပေးပို့ခဲ့ပြီး ၎င်းလိမ်လည် အခွန်ရှောင်မှု ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် တာကာ ၂၅၀ ကုဋေ ဆုံးရှုံးခဲ့သည်။

အထက်ဖော်ပြပါအကျင့်ပျက်ခြစားမှုဥပမာများသည် ဘင်္ဂလာဒေ့ရှ်ရှိ တရုတ်ကုမ္ပဏီများ၏ လုပ်ငန်း ဆောင်ရွက်ချက် များကို ဘက်မလိုက်ဘဲ သုံးသပ်ရန် အကြောင်းခိုင်လုံလှပေသည်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ အနေဖြင့် ထိုသို့သောဖြစ်ရပ်များကို တားဆီးရန် ၎င်းတို့၏ ကော်ပိုရိတ်ဥပဒေမူဘောင် အားကောင်းစေရန် လိုအပ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly