ရွေးကောက်ပွဲ မကြေညာပါက နိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်နိုင်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း သတိပေး

By Zee5
09 June 2022
ရွေးကောက်ပွဲ မကြေညာပါက နိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်နိုင်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း သတိပေး

ပါကစ္စတန်နိုင်ငံတွင် ရွေးကောက်ပွဲအသစ် မကြေညာပါက နိုင်ငံသည် ပြည်တွင်းစစ်တစ်ခုဆီ သက်ဆင်းသွားလိမ့်မည် ဖြစ်ကြောင်း ပြဿနာပတ်လည်ဝိုင်းနေသည့် ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းက ဇွန် ၁ ရက်တွင် သတိပေးပြောဆိုလိုက်သည်။

“ဥပဒေနဲ့ ညီပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီတဲ့ နည်းလမ်းတွေကနေတဆင့် ကျွန်တော်တို့ကို ရွေးကောက်ပွဲတွေဆီ သွားဖို့ သူတို့ (လက်ရှိအစိုးရ) ခွင့်မပြုဘူးဆိုရင်တော့ ဒီနိုင်ငံဟာ ပြည်တွင်းစစ်ပွဲတစ်ခုဆီ ဦးတည်သွားတာကို ကျွန်တော်တို့ မြင်ရပါလိမ့်မယ်” ဟု ခန်းက Bol News ပရိုဂရမ် Tajzia နှင့် အင်တာဗျူးတစ်ခုတွင် ပြောခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

၎င်းအနေဖြင့်ကမူ အမျိုးသားလွှတ်တော်သို့ ပြန်သွားစရာ အကြောင်းမရှိကြောင်းနှင့် ထိုသို့ ပြန်သွားခြင်းက ၎င်း၏ အစိုးရကို ဖြုတ်ချခဲ့သည့် “လျှို့ဝှက် ပူးပေါင်းကြံစည်ချက်ကို လက်ခံ” ပေးသလို ဖြစ်သွားလိမ့်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းက ပြောသည်။

ထို့ပြင် ဆန္ဒပြသူများကို ကာကွယ်စောင့်ရှောက်ပေးရေး ၎င်း၏ ပါတီ၏ ပန်ကြားချက်နှင့်ပတ်သက်ပြီး တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည်ဟု ၎င်းက ပြောသည်။

ယင်းနောက်မှသာ နောက်ထပ် ချီတက်ပွဲ ပြုလုပ်မည့် နေ့ရက်ကို ၎င်းဘက်က ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ခန်းက ပြောခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြသည်။

ထို့ပြင် ၎င်းတာဝန်ထမ်းဆောင်ခဲ့ချိန်က ၎င်းအနေဖြင့် ဝန်ကြီးချုပ်တစ်ဦးအဖြစ် အကြွင်းမဲ့ အာဏာ ရရှိခဲ့ခြင်း မရှိဟု PTI အကြီးအကဲက ဝန်ခံခဲ့ပြီး နိုင်ငံတွင် တကယ့် ဩဇာအာဏာသည် အခြားနေရာ (စစ်တပ်ထံ) တွင် ရှိနေပြီး “အာဏာက မည်သည့်နေရာတွင် ရှိသည်ကို လူတိုင်းသိသည်” ဟု ၎င်းက ရိုးတိုးရိပ်တိပ် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required