တရုတ်က ဘင်္ဂလားဒေ့ရှ်တွင် မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်တည်ဆောက်ရန် မျက်စိကျနေ

တရုတ်က ဘင်္ဂလားဒေ့ရှ်တွင် မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်တည်ဆောက်ရန် မျက်စိကျနေ

ဒါကာနှင့် စစ်တကောင်းအကြား ရထားလမ်းကွန်ရက်တည်ဆောက်ရန် ဘင်္ဂလားဒေ့ရှ် မီးရထား (BR)၏ ဖြစ်နိုင်ခြေ လေ့လာမှုအပြီးတွင် တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မြန်နှုန်းမြင့် ရထားလမ်းကွန်ရက် စီမံကိန်းများကို မျက်စိကျလျက်ရှိသည်။

တရုတ်သည် မကြာသေးမီက နှစ်နိုင်ငံအစိုးရနှင့် အများပြည်သူပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (G2G-PPP) မူဘောင်အောက်တွင် အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန် အဆိုပြုခဲ့ကြောင်း The Daily Star က ဖော်ပြခဲ့သည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်သည် စီမံကိန်းအကောင်အထည်ဖော်ရန် နိုင်ငံပိုင်ကုမ္ပဏီ China Railway Group Ltd (CREC) ကို ရွေးချယ်ခဲ့ပြီး ပါဒ်မာတံတားအတွက် အသုံးစရိတ် (တကာ ၃၀ ၁၉၃ ကုဋေ) ထက် ၃ဆကျော် ပိုကုန်ကျမည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် လီဂျီမင်းက CREC နှင့် BR တို့အကြား နားလည်မှုစာချွန်လွှာကို တတ်နိုင်သမျှ အမြန်ဆုံး လက်မှတ်ရေးထိုးရန် မီးရထားဝန်ကြီး နာရူလ်အီစလမ်ဆူဂျန်ထံ ဧပြီလက စာရေးခဲ့သည်။

CREC အပြင် အခြားတရုတ်ကုမ္ပဏီနှစ်ခုဖြစ်သည့် China Railway Construction Corporation နှင့် China Civil Engineering Construction Corporation တို့က PPP ပုံစံဖြင့် အမြန်ရထားလမ်း စီမံကိန်းအတွက် တည်ဆောက် စီစဉ်ခြင်းနှင့် ရန်ပုံငွေများ စီမံခန့်ခွဲရန် ဖက်စပ်လုပ်ငန်းတစ်ခု ဖွဲ့စည်းရေး စိတ်ဝင်စားကြောင်း ဖော်ပြခဲ့သည်။

G2G-PPP အစီအစဉ်အရ ဘင်္ဂလားဒေ့ရှ်သည် အခြားအစိုးရများကို ငွေကြေးအထောက်အပံ့ပေးရန်နှင့် ရင်းနှီးမြှုပ်နှံသူများအဖြစ်ဆောင်ရွက်ရန် နိုင်ငံပိုင် သို့မဟုတ် ပုဂ္ဂလိကအဖွဲ့အစည်းများကို ရွေးချယ်ရန် တောင်းဆိုနိုင်သည်။

ဘင်္ဂလားဒေ့ရှ်တွင် မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်းကို အကောင်အထည် ဖော်ပြီးပါက နာရာယန်ဂန်-ကူမီလာ-ဖန်နီမှတစ်ဆင့် ဒါကာနှင့် စစ်တကောင်းအကြား ၂၂၄ ဒသမ ၆၄ ကီလိုမီတာအကွာအဝေးရှိခရီးကို တစ်ဆက်တည်းသွားပါက ၅၅ မိနစ်သာကြာမြင့်မည်ဖြစ်ပြီး ဘူတာများတွင်ရပ်နားပါက ၇၃ မိနစ်ကြာမည်ဖြစ်သည်။ ယခုအချိန်တွင် ၎င်းခရီးလမ်းမှာ ၆ နာရီကျော်ကြာ ခုတ်မောင်းရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required