ပူတင်နှင့် ၎င်း၏ မဟာမိတ်များအပေါ် ယူကရိန်းသမ္မတက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်

ပူတင်နှင့် ၎င်း၏ မဟာမိတ်များအပေါ် ယူကရိန်းသမ္မတက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်

ဇွန် ၁၀

ရုရှသမ္မတ ဗလာဒီမာ ပူတင် နှင့် အခြားသော ရုရှထိပ်တန်းအရာရှိ ဒါဇင်နှင့်ချီတို့အပေါ် ပိုင်ဆိုင်မှု ထိန်းချုပ်ပိတ်ပင်ခြင်း၊ ခရီးသွားလာမှု ပိတ်ပင်ခြင်း အပါအဝင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သည့် အမိန့်ဒီကရီတစ်ရပ်ကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက လက်မှတ်ထိုးလိုက်ကြောင်း ၎င်း၏ ဝက်ဘ်ဆိုဒ်က ဇွန်လ ၉ ရက်တွင် ထုတ်ဖော်သည်။

ဒဏ်ခတ်ပိတ်ဆို့ခံရသည့် ပုဂ္ဂိုလ်များ စာရင်းတွင် ပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်၊ ဝန်ကြီးချုပ် မစ်ခေးလ် မစ်ရှုစတင်၊ ဝါရင့် နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် နှင့် ကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်ဂူတို့ ပါဝင်သည်။

ရုရှ၏ ဖေဖေါ်ဝါရီ ၂၄ ရက် ကျူးကျော်မှု လေးလမြောက် ရောက်လာချိန်ကျမှ ထုတ်ပြန်ချမှတ်သည့် ယခု ဒဏ်ခတ်ပိတ်ဆို့မှုများက အမှတ်သင်္ကေတသဘောထက်ကျော်လွန်ပြီး လက်တွေ့ကျသည့် သက်ရောက်မှု ကြီးကြီးမားမား ဖြစ်ဖွယ်မရှိဟု ယူဆရသည်။

စစ်ပွဲ၏ အစောပိုင်း အဆင့်များတွင် ဇယ်လန်စကီးသည် ပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းခဲ့ပြီး ယင်းစိတ်ကူးကို ရုရှအစိုးရဘက်က လက်မခံဘဲ ဘေးချိတ်ခဲ့သည်။ နှစ်ဖက် သက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များအနေဖြင့် ကြိုတင်ပြင်ဆင်သော ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှု အများအပြား လုပ်ဆောင်ရလိမ့်ဦးမည်ဖြစ်ကြောင်း ရုရှအစိုးရဘက်က ပြောခဲ့သည်။

ယခုအခါ ငြိမ်းချမ်းရေး ဆွေးနွေးမှုများသည် တန့်ရပ်လျက် ရှိပြီး ရုရှအပေါ် သတ္တမမြောက် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရေး ယူကရိန်းက အီးယူကို စည်းရုံးလျက် ရှိသည်။

“ရုရှဟာ ယူကရိန်းမှာ နောက်ဆုံးအချိန်အထိ တိုက်ခိုက်ဖို့ ရည်ရွယ်ထားပုံ ရတာကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ဖိအားပေးမှုကို ထပ်မံတိုးမြှင့်ဖို့ လိုပါတယ်” ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရို ကူလီဘာက ဇွန်လ ၈ ရက်တွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly