အဓိက ဒွန်ဘတ်စ်တိုက်ပွဲတွင် ယူကရိန်းတပ်များ ‘ကြံ့ကြံ့ခိုင်နေဆဲ’ ဟု ဇယ်လန်စကီး ပြော 

အဓိက ဒွန်ဘတ်စ်တိုက်ပွဲတွင် ယူကရိန်းတပ်များ ‘ကြံ့ကြံ့ခိုင်နေဆဲ’ ဟု ဇယ်လန်စကီး ပြော 
Photo - AFP

ဇွန် ၁၀

ဒွန်ဘတ်စ်ဒေသ၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးနိုင်မည်ဖြစ်သော ရုရှတပ်များနှင့် မြို့တွင်းလမ်းတိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေရာ ဆီဗာရိုဒွန်နက်စ် အရှေ့ပိုင်းမြို့တွင် ယူကရိန်းတပ်များက ‘ကြံ့ကြံ့ခိုင်နေဆဲ’ ဖြစ်ကြောင်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောသည်။ 

လက်ရှိတွင် အဆိုပါ စက်မှုမြို့၏ ဧရိယာအများစုကို ထိန်းချုပ်ထားပြီဖြစ်သော ရုရှတပ်များက မြို့ကို အပြင်းအထန် ထိုးစစ်ဆင်နေသည်။ ရုရတပ်များသည် အဓိက အားကစားကွင်းတစ်ခုကိုလည်း ဖျက်ဆီးပစ်လိုက်ကြောင်း နယ်မြေအုပ်ချုပ်ရေးမှူးက သောကြာနေ့တွင် ပြောသည်။ 

ရုရှလိုလားသော သူပုန်များက မော်ရိုကိုနိုင်ငံသားတစ်ဦးနှင့် ဗြိတိန်တိုက်ခိုက်ရေးသမားနှစ်ဦးတို့ကို ကြာသပတေးနေ့က သေဒဏ်ပေးလိုက်သည်။ ယူကရိန်းနှင့် တိုက်ခိုက်နေဆဲ ထိုသူတို့အား ဖမ်းဆီးမိခြင်းဖြစ်ပြီး ယူကရိန်းအတွက် ကြေးစားစစ်သားများဖြစ်သည်ဟု စွဲဆိုလျက် သေဒဏ်ပေးလိုက်ခြင်း ဖြစ်သည်။ 

ကျူးကျော်သူများက အဓိက ပစ်မှတ်များဟု လက်ရှိ၌ သဘောထားထားသော ဒွန်ဘတ်စ်ဒေသက မြို့အချို့တွင် ကြံ့ကြံ့ခိုင်တွန်းလှန်နေဆဲပဲ ဖြစ်သည်ဟု ဇယ်လန်စကီးက ကြာသပတေးနေ့ ညပိုင်းမိန့်ခွန်း၌ ပြောသည်။ 

ဇာပိုရီဇာဇီယာနှင့် ခါကိဗ်ဒေသများတွင် ယူကရိန်းတပ်များက အသာစီး ရထားပြီး ‘နယ်မြေလွတ်မြောက်ရေး’ အဆင့်တွင် ရှိနေသည်ဟု ၎င်းက ဖြည့်စွက်ဆိုသည်။ 

ဆီဗာရိုဒွန်နက်စ်မြို့တွင် လက်ရှိ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေစဉ် အုပ်ချုပ်ရေးမှူးဖြစ်သူ ဆာ‌ဂျီ ဂိုင်ဒေးက “မြို့ရဲ့ အဓိကသင်္ကေတတစ်ခု ဖျက်ဆီးခံရတယ်”ဟု ပြောသည်။ ၎င်းသည် ယူကရိန်းတို့ အောင်ပွဲ ကျိန်းသေရရှိစေရန် အနောက်အုပ်စုက လက်နက်ကြီးများ အမြန်အကူအညီပေးရန် အစောပိုင်းက တောင်းဆိုထားသူ ဖြစ်သည်။ 

ဖေဖော်ဝါရီ ၂၄ ရက် ရုရှကျူးကျော်စစ် စတင်ချိန်မှစကာ ယူကရိန်းအတွက် လက်နက်များနှင့် အကူအညီများကို အနောက်နိုင်ငံများက ပေးအပ်လျက် ရှိနေသည်။ ပြည်ပမှ အချို့သော လူများကလည်း ရုရှတပ်များနှင့် ရင်ဆိုင်တိုက်ခိုက်ရန် ယူကရိန်းနှင့် လာရောက်ပူးပေါင်းကြသည်။ 

ရှေ့တန်းတိုက်ပွဲများတွင့် နေ့စဉ် ယူကရိန်းစစ်သား ၁၀၀ ကျော်ထက်မနည်း ကျဆုံးနေပြီး ၅၀၀ နီးပါး ဒဏ်ရာရနေကြရသည်ဟု ကာကွယ်ရေးဝန်ကြီး အိုလစ်ဆေး ရစ်ဇ်နီကော့ဗ်က ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly