မြောက်ကိုရီးယားက ယခုနှစ် ဒုံးကျည်စမ်းသပ်မှုများအတွက် ဒေါ်လာ သန်း ၆၅၀ သုံးစွဲ 

မြောက်ကိုရီးယားက ယခုနှစ် ဒုံးကျည်စမ်းသပ်မှုများအတွက် ဒေါ်လာ သန်း ၆၅၀ သုံးစွဲ 
Photo - AFP

ဇွန် ၁၀

မြောက်ကိုရီးယားနိုင်ငံသည် ယခုနှစ် ဒုံးကျည်စမ်းသပ်မှုများအတွက် အမေရိကန်ဒေါ်လာ သန်း ၆၅၀ ကို သုံးစွဲခဲ့ကြောင်း၊ ယင်းမှာ ဆင်းရဲသော နိုင်ငံ၏ လူဦးရေအားလုံးကို COVID-19 ကာကွယ်ဆေး ဝယ်ယူထိုးနှံပေးနိုင်အောင် လုံလောက်သည့် ငွေကြေးပမာဏဖြစ်ကြောင်း တောင်ကိုရီးယားရှိ အစိုးရလက်အောက် ပညာရှင်အဖွဲ့တစ်ဖွဲ့က ကြာသပတေးနေ့တွင် ပြောသည်။ 

မြောက်ကိုရီးယားသည် ယခုနှစ်၌ လက်နက်စမ်းသပ်မှု ၁၈ ကြိမ်ဖြင့် စံချိန်ချိုးခဲ့ကာ မေလ၌ COVID-19 ပထမဆုံး ကူးစက်မှု အတည်ပြုနိုင်ချိန်မှာပင် ဒုံးကျည်ပစ်လွှတ်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။ လက်ရှိတွင် အာဏာပိုင်များက ‘ဖျားနာခြင်း’ ဟု အတည်ပြုဆိုသော ရောဂါဖြစ်ပွားမှုပေါင်း လေးသန်းကျော်ထက်မနည်း ရှိနေပြီ ဖြစ်သည်။ 

ယခုနှစ်၌ တီထွင်ထုတ်လုပ်ကာ စမ်းသပ်ပစ်လွှတ်သော ဒုံးကျည် ၃၃ စင်းအတွက် ကင်ဂျုံးအွန်အစိုးရသည် ခန့်မှန်းခြေ ဒေါ်လာ သန်း ၄၀၀ မှ သန်း ၆၅၀ ကြား သုံးစွဲခဲ့သည်ဟု ကာကွယ်ရေး သုတေသနဆိုင်ရာ ကိုရီးယားအဖွဲ့အစည်း၏ အစီရင်ခံစာတစ်ရပ်က ဆိုသည်။ 

အဆိုပါ ငွေကြေးပမာဏသည် ယခုနှစ် စားနပ်ရိက္ခာ ရှားပါးပြတ်လပ်မှုကို ဖာထေးနိုင်ခြေ ရှိသကဲ့သို့ မြောက်ကိုရီးယား နိုင်ငံသားတိုင်းအား COVID-19 ကာကွယ်ဆေး တစ်လုံးစီ ထိုးပေးနိုင်အောင် လုံလောက်ကြောင်း ယင်း အစီရင်ခံစာက ဖော်ပြသည်။ 

မြောက်ကိုရီးယားသည် နှစ်နှင့်ချီကာ COVID-19 ကြောင့် နယ်စပ်ပိတ်ဆို့ထားမှုနှင့် ၎င်း၏ လက်နက်စီမံကိန်းများကြောင့် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများကြားတွင် ရေရှည်စားနပ်ရိက္ခာ ရှားပါးပြတ်လပ်မှုနှင့် ရုန်းကန်နေရသည်။ 

COVID-19 ကို ထိန်းချုပ်နိုင်ပြီဟု နိုင်ငံပိုင်မီဒီယာသတင်းက အတည်ပြုသော်လည်း ‘အခြေအနေသည် တိုးတက်ခြင်းမရှိဘဲ ပို၍ ဆိုးဝါးနေသည်ဟု သုံးသပ်ရကြောင်း’ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြီးခဲ့သည့် သီတင်းပတ်တွင် သတိပေးထားသည်။ 

COVID-19 ကူးစက်ပြန့်နှံ့မှုသည် ကမ္ဘာ၌ အဆိုးဆုံး ကျန်းမာရေးစနစ်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် မြောက်ကိုရီးယားအတွက် ကျန်းမာရေး အကျပ်အတည်းကြီး ကျရောက်နိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly