ပါကစ္စတန်သည် ရုရှားနိုင်ငံထံမှ ဂျုံ မက်ထရစ်တန်ချိန် ၂သန်းကို ငွေသားဖြင့် ပေးချေပြီး ဝယ်ယူတင်သွင်းရန် စီစဉ်နေသည်။ လက်ရှိအချိန်တွင် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်ရှိနေခြင်းက ဗလာဒီမာ ပူတင် အစိုးရနှင့် ကုန်သွယ်မှုကို အခက်တွေ့ထားစေခဲ့သည်။
အဆိုပါ ဂျုံ တင်သွင်းမည့် ဆုံးဖြတ်ချက်ကို အရေးပါသည့် စီးပွားရေးကော်မတီတစ်ခုက ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ရှေ့လထဲတွင် ကုန်ပစ္စည်း ပို့ဆောင်မှုများ မြန်ဆန်စေရေးအလို့ငှာ ပစ္စည်းပေးသွင်းသူများကို မက်လုံးပေးရန် စားဆီ တင်သွင်းမှုအပေါ် ထပ်တိုး အခွန်အကောက်များကို ယင်းကော်မတီက လျှော့ပေါ့ပေးခဲ့ကြောင်း The Express Tribune သတင်းစာက ဖော်ပြသည်။
“အစိုးရအချင်းချင်း သဘောတူညီချက်တစ်ခုနဲ့အတူ ရုရှားဆီကနေ ဂျုံ မက်ထရစ် တန်ချိန် နှစ်သန်း တင်သွင်းဖို့ စီးပွားရေး ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်မှု ကော်မတီက ခွင့်ပြုပေးခဲ့ပါတယ်” ဟု ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အနောက်အုပ်စုဘက်က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားခြင်းကြောင့် အစောပိုင်းက ရုရှားနှင့် ကုန်ပစ္စည်းချင်း ဖလှယ်ရောင်းဝယ်မှု၏ ဖြစ်နိုင်ခြေ အလားအလာကို ရှာဖွေခဲ့ကြသည်။
ရုရှားထံမှ ဂျုံ တင်သွင်းမှုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ မရှိသော်လည်း ပါကစ္စတန်အစိုးရအနေဖြင့် ငွေပေးချေမှု ပြုလုပ်ရန် နည်းလမ်းတစ်ခု စီစဉ်ဖော်ထုတ်ရလိမ့်မည် ဖြစ်ကြောင်း The Express Tribune သတင်းစာက ဖော်ပြသည်။