တရုတ်သမ္မတ ရှီကျင့်ဖျင်က ဝါဒဖြန့်ချိရေးယန္တရားများကို ဆက်လက် ထိန်းချုပ်ထား

တရုတ်သမ္မတ ရှီကျင့်ဖျင်က ဝါဒဖြန့်ချိရေးယန္တရားများကို ဆက်လက် ထိန်းချုပ်ထား

တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ဝန်ကြီးချုပ် လီခေ့ချန်တို့အကြား ကြီးထွားလာနေသည့် အကွဲအပြဲ သတင်းများအကြားတွင် မကြာသေးမီက တရုတ်အစိုးရပိုင်သတင်းဌာန ဆင်ဟွာ၌ အယ်ဒီတာများ ခန့်အပ်ခြင်းဆိုင်ရာ အပြောင်းအလဲများက ဝါဒဖြန့်ချိရေးယန္တရားအပေါ် ရှီ၏ ဆက်လက် ကြိုးပမ်းအားထုတ်မှုကို မီးမောင်းထိုးပြနေသည်။

ဆင်ဟွာသတင်းအေဂျင်စီ၏ ဥက္ကဋ္ဌအဖြစ် ဖူဟွာအား ဇွန် ၇ ရက်က ခန့်အပ်လိုက်ပြီး အယ်ဒီတာချုပ်အဖြစ် လျူယန်ဆောင်အား ခန့်အပ်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

နောက်ထပ် အဆင့်မြင့်အရာရှိ အပြောင်းအလဲအဖြစ် ရှီ၏ အရေးပါသော လူယုံ လီရှုလျဲ့ကို နေ့စဉ်လုပ်ငန်းဆောင်တာများကို ကြီးကြပ်ကွပ်ကဲရန် ဗဟိုဝါဒဖြန့်ချိရေးဌာန ဒုဝန်ကြီးအဖြစ် ဇွန် ၆ ရက်က ပြောင်းရွှေ့ခန့်အပ်ခဲ့သည်။

ယင်းသည် ဝါဒဖြန့်ချိရေးယန္တရားများကို ဆက်လက်ထိန်းချုပ်ရန် ရှီ၏ အရေးကြီးသော အရွေ့တစ်ခုဖြစ်သည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အုပ်ချုပ်ရေးနှင့် နိုင်ငံရေး မူဘောင်များအပေါ် သိသာထင်ရှားစွာ ချုပ်ကိုင်ထား သည်ကို ကောင်းစွာသိကြသည်။ သို့သော် တရုတ်တရားဝင်မီဒီယာများသည် ဝန်ကြီးချုပ်အား နေရာ ပိုပေး နေကြောင်း ပြီးခဲ့သောကာလများက နိုင်ငံတကာမီဒီယာများ ဖော်ပြသောကြောင့် လီသည် စီးပွားရေး မူဝါဒကို ချုပ်ကိုင်နေသည်ဟု ထင်ကြေးများပေးလာကြသည်။

ဧပြီ ၃၀ ရက်ထိ စာရင်းအရ သတင်းအဖွဲ့အစည်းပေါင်း ၃ ၆၇၆ ဖွဲ့နှင့် သတင်းထောက်ပေါင်း ၁၈၀ ၀၇၅ ဦးတို့သည် နှစ်စဉ်ကျင်းပသည့် အရည်အချင်းစစ်ဆေးမှုအောင်မြင်ကြောင်းနှင့် သတင်းအဖွဲ့ ၂၄ ဖွဲ့နှင့် သတင်းထောက် ၃၅၃ ဦးတို့ကို ဆိုင်းငံ့ထားကြောင်း ဆင်ဟွာက ထုတ်ပြန်သည်။

တရုတ်နိုင်ငံတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ စာနယ်ဇင်းကတ်ရရှိထားသူ သတင်းထောက်ပေါင်း ၁၉၄ ၂၆၃ ဦးရှိသည်ဟု ဆိုသည်။ 

စာနယ်ဇင်းသက်သေခံကဒ်သည် တရုတ်နိုင်ငံတွင် သတင်းစုဆောင်းခြင်းနှင့် တည်းဖြတ်ခြင်းအတွက် တစ်ခုတည်းသော တရားဝင်အထောက်အထားဖြစ်သည်။

တရုတ်နိုင်ငံ၌ ဂျာနယ်လစ်အရေအတွက် ကျဆင်းလျက်ရှိရာတွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလက လိုင်စင်ရ ဂျာနယ်လစ်ပေါင်း ၂၄၈ ၁၀၁ ဦးရှိပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် ၂၂၈ ၃၂၇ ဦးထိ ကျဆင်းသွားရာမှ ယခုအချိန်တွင် ၁၈၀ ၀၇၅ ဦးသာရှိတော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly