ယူကရိန်းအတွက် အကူအညီ နောက်ထပ် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကို ကမ္ဘာ့ဘဏ် အတည်ပြု 

ယူကရိန်းအတွက် အကူအညီ နောက်ထပ် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကို ကမ္ဘာ့ဘဏ် အတည်ပြု 
Photo - AFP

ဇွန် ၇

ယူကရိန်းအတွက် အကူအညီ နောက်ထပ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကို အတည်ပြုကြောင်း ကမ္ဘာ့ဘဏ်က အင်္ဂါနေ့တွင် ကြေညာသည်။ 

ကမ္ဘာ့ဘဏ်အနေဖြင့် ယူကရိန်းအတွက် စုစုပေါင်း ဒေါ်လာ ၄ ဘီလီယံကျော် ကူညီသွားရန် စီစဉ်ထားခြင်းလည်း ဖြစ်သည်. 

ဖေဖော်ဝါရီ နှောင်းပိုင်း၌ ယူကရိန်းအား ရုရှ ကျူး‌ကျော်စစ်ကြောင့် လူသားချင်း စာနာထောက်ထားရေး အကျပ်အတည်း ဖြစ်ပေါ်ပြီး ယူကရိန်းနိုင်ငံ၏ စီးပွားရေးမှာလည်း ထိခိုက်ပျက်စီးမှု ကြီးမားနေသည်။  

အခြေခံအဆောက်အအုံများ ပျက်စီးခြင်းနှင့် အဓိက ဂျုံတင်ပို့မှု ပိတ်ဆို့ခံရခြင်းအပြင် အစိုးရက ပေးချေရန် ရှိသော ငွေကြေးကို ပေးချေနိုင်စွမ်း တဖြည်းဖြည်း ဆုတ်ယုတ်လာသည်။ 

ယခု ရန်ပုံငွေသစ်သည် အစိုးရနှင့် လူမှုရေး ဝန်ထမ်းများ၏ လစာ ပေးချေရာတွင် အသုံးပြုရမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ချက်တစ်ရပ်၌ ဆိုပြီး ယခု ရန်ပုံငွေသစ်နှင့်အတူ လက်ရှိအထိ ဒေါ်လာ ၂ ဘီလီယံကို ထုတ်ပေးပြီးဖြစ်ကြောင်း မှတ်ချက်ပြုသည်။ 

စစ်ပွဲနှင့် ရင်ဆိုင်နေရသည့် ယူကရိန်းနှင့် ပြည်သူများအတွက် ကမ္ဘာ့ဘဏ်က ထောက်ပံ့မှုများ ဆက်လက်ပေးအပ်လျက်ရှိကြောင်း ဥက္ကဋ္ဌဖြစ်သူ ဒေးဗစ် မဲလ်ပတ်စ်က ထုတ်ပြန်ချက်၌ ဆိုသည်။ 

“ကျွန်တော်တို့အနေနဲ့ ဘဏ္ဍာရေး အထောက်အပံ့ စည်းရုံးဖို့ အလှူရှင်နိုင်ငံတွေနဲ့အတူ လုပ်ကိုင်နေပါတယ်၊ ယူကရိန်းအတွက် ကျန်းမာရေး ဝန်ဆောင်မှု၊ ပညာရေးနဲ့ လူမှုကာကွယ်ရေးတွေမှာ အကူအညီပေးဖို့ လုပ်ကိုင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။ 

သို့ရာတွင် ယူကရိန်းသမ္မတ ဇယ်လန်စကီးက ၎င်း အစိုးရအနေဖြင့် ဆက်လက် လည်ပတ်နိုင်ရန် တစ်လ စုစုပေါင်း ဒေါ်လာ ၇ ဘီလီယံ လိုအပ်ကြောင်း ပြောထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly