ပါကစ္စတန်ဘက်သို့ လက်နက်နှင့် ကျည်များ မှောင်ခိုသွင်းမှု အာဖဂန်တာလီဘန်တို့ တားဆီးပိတ်ဆို့

By The Khaama Press
07 June 2022
ပါကစ္စတန်ဘက်သို့ လက်နက်နှင့် ကျည်များ မှောင်ခိုသွင်းမှု အာဖဂန်တာလီဘန်တို့ တားဆီးပိတ်ဆို့

ပါကစ္စတန်နိုင်ငံဘက်သို့ လက်နက် မှောင်ခိုသွင်းမှုနှင့် ပတ်သက်နေသည့် အမျိုးသားတစ်ဦးကို အာဖဂန်နစ္စတန် ကန်ဒါဟာပြည်နယ်၌ ဖမ်းမိခဲ့ကြောင်း ဒေသခံ တာလီဘန်တာဝန်ရှိသူများက ပြောသည်။

စပင်ဘိုးဒက် နယ်စပ်မှတဆင့် လက်နက်များနှင့် ခဲယမ်းကျည် အများအပြားကို မှောင်ခိုကူးရန် ကြိုးပမ်းခဲ့သည့် အမျိုးသားတစ်ဦးကို တာလီဘန်တပ်ဖွဲ့များက ဖော်ထုတ် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း Bakhtar သတင်းအေဂျင်စီက မေ ၂၈ ရက်တွင် ဖော်ပြသည်။

အဆိုပါ ဖမ်းမိသည့် အမျိုးသားထံမှ Kalashnikovs ရိုင်ဖယ်လေးလက်၊ M16 သုံးလက်၊ PK စက်သေနတ် သုံးလက်၊ အကြီးစား စက်သေနတ်ကျည် အတောင့် ၉၀၀ ၊ လက်ပစ်ဗုံး ၃၃ လုံးနှင့် အခြား ခဲယမ်းများကို ရှာတွေ့ခဲ့ကြောင်း သတင်းအေဂျင်စီက ဖော်ပြသည်။

ယင်းမတိုင်မီ ဂါဇ်နီပြည်နယ်မှ တာလီဘန် လုံခြုံရေးတာဝန်ရှိသူများကလည်း ပါကစ္စတန်နိုင်ငံထဲသို့ လက်နက် မှောင်ခိုကူးမှုနှင့် ဆက်နွယ်နေသူ သုံးဦးကို ဖမ်းမိကြောင်း ကြေညာထားခဲ့သည်။

ယခင် အာဖဂန်နစ္စတန်အစိုးရ ပြုတ်ကျပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံထဲကနေ စစ်လက်နက်ပစ္စည်းများ ပြည်ပသို့ မှောင်ခိုထုတ်နေပြီး အဓိကအားဖြင့် ပါကစ္စတန်အပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ သွင်းနေခြင်း ဖြစ်သည်။

အာဖဂန်နစ္စတန်တွင် အသုံးပြုခဲ့သည့် အမေရိကန်ထုတ် စစ်လက်နက်များကို ပါကစ္စတန်မှတဆင့် ဖြတ်သန်းပြီး အိန္ဒိယ ကက်ရှ်မီးယားဒေသသို့ ပို့ဆောင်ထားခဲ့သည်ဟု မကြာသေးခင်က သတင်းများက ဖော်ပြသည်။ လက်နက်များကိုလည်း ရှာတွေ့ထားသည်ဟု အိန္ဒိယတာဝန်ရှိသူများက ပြောကြောင်း သတင်းများက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required