အစ္စရေးသို့ ခရီးသွားခဲ့သည့် ပါကစ္စတန်ဂျာနယ်လစ် အလုပ်မှ ထုတ်ပယ်ခံရ

အစ္စရေးသို့ ခရီးသွားခဲ့သည့် ပါကစ္စတန်ဂျာနယ်လစ် အလုပ်မှ ထုတ်ပယ်ခံရ

ပါကစ္စတန်နွယ်ဖွား အမေရိကန်နိုင်ငံသားများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့နှင့်အတူ အစ္စရေးသို့ သွားရောက်ခဲ့သည့် ဂျာနယ်လစ်တစ်ဦးကို ပါကစ္စတန် ရုပ်သံကော်ပိုရေးရှင်း (PTV) က အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီး မာရီယမ် အော်ရန်းဇက်ဘ်က မေ ၃၀ ရက်က ပြောသည်။

အငြင်းပွားဖွယ် ခရီးစဉ် သွားရောက်မှုအတွက် ပါကစ္စတန်ဂျာနယ်လစ် အာမက်ဒ် ကူရိုင်ရှီးသည် အလုပ်မှ ထုတ်ပယ်ခံရခြင်း ဖြစ်‌ကြောင်း မာရီယမ်က ပြောသည်။

“ပါကစ္စတန် ရုပ်သံအစီအစဉ်တင်ဆက်သူဟာ အစ္စရေးကို ကိုယ်ရေးကိုယ်တာ ခရီးစဉ်တစ်ခု သွားခဲ့တာပါ။ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာဆိုရင် ပါကစ္စတန်ကနေ ဘယ်ကိုယ်စားလှယ်အဖွဲ့ပဲဖြစ်ဖြစ် အစ္စရေးကို ခရီးသွားတဲ့ ကိစ္စအပေါ် တိကျပြတ်သားစွာ လက်မခံဘဲ ပယ်ချထားပါတယ်” ဟု မာရီယမ်က ပြောကြောင်း The News က ဖော်ပြသည်။

ခရီးစဉ်ကို ပါကစ္စတန်တွင် အခြေစိုက်ခြင်း မရှိသည့် နိုင်ငံခြား NGO အဖွဲ့တစ်ခုက စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု ယင်းသတင်းက ဖော်ပြသလို ပါကစ္စတန်နိုင်ငံခြားရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူကလည်း အစောပိုင်းတစ်နေ့က ထုတ်ပြန်ချက်တစ်ရပ်တွင် ယင်းအတိုင်း ပြောထားခဲ့သည်။

“ပါလက်စတိုင်းကို ထောက်ခံတဲ့ ပါကစ္စတန်ရဲ့ မူဝါဒပိုင်းမှာ ဘာအပြောင်းအလဲမှ မရှိပါဘူး။ ကျွန်မတို့ နိုင်ငံရဲ့ မူဝါဒက ရှင်းလင်းသလို ကျွန်မတို့ နိုင်ငံတည်ထောင်သူ ခေါင်းဆောင်ကြီးရဲ့ အမိန့်ညွှန်ကြားချက်တွေနဲ့အညီ ရှိနေပါတယ်။ ဘယ်လို မူဝါဒ၊ လုပ်ဆောင်ချက်ပဲ ဖြစ်ဖြစ် ပါကစ္စတန် ပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ ဆန့်ကျင်ပြီး လုပ်ဆောင်လို့ မရနိုင်ပါဘူး” ဟု မာရီယမ်က ပြောကြောင်း The News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly