ဒဏ်ခတ်ပိတ်ဆို့မှုကို အာခံပြီး မြောက်ကိုရီးယား အာကာသဒုံးပျံ ပစ်လွှတ်

ဒဏ်ခတ်ပိတ်ဆို့မှုကို အာခံပြီး မြောက်ကိုရီးယား အာကာသဒုံးပျံ ပစ်လွှတ်

ကုလသမဂ္ဂ၏ ဆုံဖြတ်ချက်ကို ချိုးဖောက်နှင့် ပြီးခဲ့သည့်လအတွင်းက နျူကလီးယားစမ်းသပ်မှုကြောင့် နိုင်ငံတကာက အပြစ်ပေးဖို့လုပ်နေခြင်းကို မြောက်ကိုရီးယား ဖီဆန်လျက် အာကာသဒုံးပျံအား ဖေဖော်ဝါရီ ၇ ရက်က ပစ်လွှတ်လိုက်သည်။

ယင်းပစ်လွှတ်မှုက အာကာသစီမံကိန်းအတွက် ဖြစ်သည်ဟု မြောက်ကိုရီးယားက အခိုင်အမာဆိုသော်လည်း ကမ္ဘာ့နိုင်ငံအများစုက အမေရိကန်အထိ ပစ်ခတ်နိုင်စွမ်းသည့် ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်ရန် စမ်းသပ်ခြင်းဖြစ်သည်ဟု ရှုမြင်ကြသည်။

သို့သော်လည်း ဂြိုဟ်တုတင်ဆောင်သည့်ယင်းဒုံးပျံသည် နောက်ဆုံးအဆင့်အဖြစ် ဂြိုဟ်ပတ်လမ်းအတွင်း အောင်မြင်စွာ ရောက်ရှိမရှိက သတင်းများ မကြားသိရသေးပေ။ တောင်ကိုရီးယား ယွန်ဟတ်သတင်းဌာနက အတည်မပြုနိုင်သေးသည့် သတင်းတွင် မြောက်ကိုရီးယား၏ ဒုံးပျံပစ်လွှတ်မှုသည် ဒုတိယအဆင့်တွင် ချွတ်ယွင်းသွားဖွယ်ရှိကြောင်း ဖော်ပြထားသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကမူ ယင်းဒုံးပျံက အာကာသအတွင်း ရောက်ရှိသွားဖွယ်ရှိသည်ဟု ဆိုသည်။

ယင်းပစ်လွှတ်မှုကို မြောက်ကိုရီးယားနိုင်ငံပိုင်ရုပ်မြင်သံကြားက ဂရင်းနစ်စံတော်ချိန် ၀၃၃၀ နာရီတွင် အထူးအစီအစဉ်အဖြစ် ကြေညာသွားခြင်းဖြစ်သည်။

မြောက်ကိုရီးယား၏ ယခုဒုံးပျံပစ်လွှတ်မှုနှင့် ပတ်သက်ပြီး အမေရိကန်က ရန်စသည့် လုပ်ရပ်ဖြစ်ကြောင်း ပြောပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက လုံးလုံးသည်းမခံနိုင်သည့် အပြုအမူဖြစ်သည်ဟု ပြင်းပြင်းထန်ထန် ပြောကြားခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ဖေဖော်ဝါရီ ၇ ရက်နှောင်းပိုင်းတွင် အရေးပေါ်အစည်းအဝေး ခေါ်ယူလိမ့်မည်ဟု နယူးယောက်က သံတမန်များက ပြောသည်။

မြေကမ္ဘာစောင့်ကြည့်ရေးဂြိုဟ်တုကို တင်ဆောင်လျက် ဂရင်းနစ်စံတော်ချိန် ၀၀၃၀ နာရီတွင် မြောက်ကိုရီးယားက ဒုံးပျံကို လွှတ်တင်ခဲ့ခြင်းဖြစ်ကြေင်း လွှတ်တင်ရာ နေရာကို   စောင့်ကြည့်လျက်ရှိသည့်   တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly