အယ်လ်ကိုင်ဒါနှင့် အာဖဂန်တာလီဘန်တို့အကြား ဆက်ဆံရေး ပိုမို နီးကပ်နေဟု ကုလ ပြော

By Tolo News
05 June 2022
အယ်လ်ကိုင်ဒါနှင့် အာဖဂန်တာလီဘန်တို့အကြား ဆက်ဆံရေး ပိုမို နီးကပ်နေဟု ကုလ ပြော

တာလီဘန်အဖွဲ့နှင့် အယ်လ်ကိုင်ဒါအဖွဲ့အကြား ဆက်ဆံပတ်သက်မှုက ဆက်လက် နီးကပ်နေဆဲဖြစ်ပြီး အယ်လ်ကိုင်ဒါတို့သည် တာလီဘန်တို့၏ အောင်ပွဲကို ဂုဏ်ပြုထားသလို (မော်လာဝီ ဟီဘတ်တူလာ အက်ခွန်ဇာဒါ) ကို သစ္စာခံကြောင်း ကတိပြုမှုကို ထပ်လောင်းထုတ်ဖော်ထားသည်ဟု ကုလ အစီရင်ခံစာတစ်ရပ်က ဖော်ပြသည်။

အာဖဂန်နစ္စတန်၏ တာလီဘန်တို့က အဆိုပါ အစီရင်ခံစာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးခြင်း မရှိသေး သော်လည်း အာဖဂန်နစ္စတန်နိုင်ငံတွင် အကြမ်းဖက်အုပ်စုအဖွဲ့များ ရှိနေသည် ဆိုသည့် သတင်းများက မှန်ကန်ခြင်းမရှိဟု အစောပိုင်းက ငြင်းဆန်ထားသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ယင်း၏ စိစစ်လေ့လာမှုဆိုင်ရာ ထောက်ကူမှုနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများ စောင့်ကြည့်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာတစ်ရပ်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုအဖွဲ့သည် အာဖဂန်နစ္စ တန်၌ အယ်လ်ကိုင်ဒါနှင့် အိုင်အက်စ်အဖွဲ့တို့ ရှိနေမှုကို အကဲဖြတ်ချင့်တွက်ခဲ့သည်။

“ခုချိန်ထိတော့ အဖွဲ့ဝင်နိုင်ငံရဲ့ အကဲဖြတ်ချက်တွေအရ အယ်လ်ကိုင်ဒါအဖွဲ့ဟာ တာလီဘန်တွေရဲ့အောက်မှာ ဘေးကင်းလုံခြုံရာ နေရာတစ်ခု ရထားတယ် ဆိုတာနဲ့ ပိုပြီးတော့ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ ရနေတယ် ဆိုတာကို ပြသနေပါတယ်။ အိုင်မန် အယ်လ်-ဇာဝါဟီရီဆိုရင်လည်း ဩဂုတ်လနောက်ပိုင်း အသံဖမ်းထားတဲ့ မက်ဆေ့ချ်တွေ ပိုပြီး အကြိမ်များများ ထုတ်ပြန်ခဲ့သလို ၂၀၂၂ ဖေဖေါ်ဝါရီလလောက်တုန်းက သူ အသက်ရှင်ဆဲ ဆိုတာကို ခုချိန်မှာ
သက်သေပြသနိုင်စရာ ရှိနေပါတယ်” ဟု အစီရင်ခံစာက ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာနှင့် ပါကစ္စတန်တို့မှ အယ်လ်ကိုင်ဒါအဖွဲ့ဝင် ဖြစ်ထားသည့် တိုက်ခိုက်ရေးသမား ၁၈၀ မှ ၄၀၀ခန့်အထိ ရှိကြောင်းနှင့် ၎င်းတို့သည် “အာဖဂန်နစ္စတန်၏ ဂါဇ်နီ၊ ဟယ်လ်မန်း၊ ကန်ဒါဟာ၊ နင်ရော့ဇ်၊ ပတ်တီကာနှင့် ဇာဘူလ် ပြည်နယ်” တို့တွင် အခြေချနေကြောင်း အစီရင်ခံစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly