တရုတ်က ဘင်္ဂလားဒေ့ရှ်တွင် မသမာမှုများ ဆက်လက်ကျူးလွန်နေ

တရုတ်က ဘင်္ဂလားဒေ့ရှ်တွင် မသမာမှုများ ဆက်လက်ကျူးလွန်နေ

တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါပြီးနောက် စီးပွားရေး ပြန်လည်နာလန်ထူရေးအတွက် ယုံကြည်စိတ်ချရသော မိတ်ဖက်နိုင်ငံအဖြစ် ပြသရန် ပြင်းပြင်းထန်ထန် ကြိုးစားနေသော်လည်း ၎င်း၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် လက်ခံနိုင်ငံများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သွားသည့် ပုံစံတွင် ရှိနေသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီဂျင်မင်းက ကပ်ရောဂါကို ရင်ဆိုင်နေရသော်လည်း နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို အောင်မြင်စွာဆက်လက်လုပ်ဆောင်နိုင်မှုအတွက် ဘင်္ဂလားဒေ့ရှ်အား မေ ၃ ရက်က ချီးကျူးဂုဏ်ပြုခဲ့ပြီး ကိုရိုနာဗိုင်းရပ်ကိုကပ်ရောဂါကို နိုင်ငံက ကောင်းစွာဖြေရှင်းနိုင်သည့်အတွက် ဂုဏ်ယူ ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် Live News ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် ယုံကြည်စိတ်ချရသော စီးပွားရေးမိတ်ဖက်ဖြစ်ကြောင်း ဤထုတ်ပြန်ချက်များက ပြသနိုင်သော်လည်း ၎င်း၏အခွန်ရှောင်မှုကိစ္စနှင့် လိမ်လည်မှုကိစ္စသည် မတူညီသောပုံရိပ်ကို ပြသနေသည်။ တရုတ်ကြောင့်ဖြစ်လာသော အကျင့်ပျက်ခြစားမှုသည် ဘင်္ဂလားဒေ့ရှ်လုပ်ငန်းအလွှာများစွာနှင့် အစိုးရပိုင်းအထိ ပျံ့နှံ့လျက်ရှိသည်။

ပြီးခဲ့သည့်နှစ်က စီမံကိန်းကြီးများတွင် ရန်ပုံငွေအလွဲသုံးစားလုပ်မှုကိစ္စပေါ်ပေါက်ပြီးနောက် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် အခြေခံအဆောက်အအုံစီမံကိန်း ၃ ခုအား ငွေကြေးထောက်ပံ့နေခြင်းကို ရုပ်သိမ်းရန် တရုတ်အစိုးရအား ဖိအားပေးခဲ့သည်။

အခြားဖြစ်ရပ်တစ်ခုမှာ တရုတ်စီမံကိန်းအရာရှိတစ်ဦးက လုပ်ငန်းခွင်၌အလုပ်လုပ်နေသော ဘင်္ဂလားဒေ့ရှ် အလုပ်သမားတစ်ဦးကို နှာခေါင်းစည်း သေချာမဝတ်ဆင်သည့်အတွက် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည်။ တရုတ်အလုပ်သမားများက ဒေါသတကြီးနှင့် ၎င်းအလုပ်သမားကို ရိုက်နှက်ခဲ့ကြသည်။

ပြီးခဲ့သည့်နှစ် ဧပြီလက SS လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ အလုပ်သမားများသည် စစ်တကောင်း၌ စုဝေးခဲ့ကြပြီး လုပ်အားခတိုးမြှင့်ပေးရန်နှင့် အလုပ်ချိန်လျှော့ချပေးရန် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။

ရဲအာဏာပိုင်များက ဆန္ဒပြမှုများကို အကြမ်းဖက်နည်းလမ်းများဖြင့် နှိမ်နင်းခဲ့သည်။

တရုတ်က ဘင်္ဂလားဒေ့ရှ်ကို တောင်အာရှ BRI တွင် အဓိကနေရာမှ ပါဝင်စေရန် မျှော်လင့်ထားပြီး ဘင်္ဂလားဒေ့ရှ်ကလည်း အဆိုပါအစီအစဉ်ကို ပူးပေါင်းရန် စိတ်ဝင်စားကြောင်း ပြသခဲ့သည်။ သို့သော် တရုတ်အစီအစဉ်ကို အလေးထားခဲ့သော သီရိလင်္ကာ ဖြစ်ရပ်ကို ဘင်္ဂလားဒေ့ရှ်အနေဖြင့် သင်ခန်းစာ ယူသင့်ကြောင်း Live News က ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly