မကြာမီ ကွယ်ပျောက်တော့မယ့် လှပတဲ့ အင်းလေးကန်

06 February 2016
မကြာမီ ကွယ်ပျောက်တော့မယ့် လှပတဲ့ အင်းလေးကန်

ရေပြင်ဧရိယာစတုရန်းမိုင် ၁၀၀ လောက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး ရေချိုအိုင်ကြီးလည်းဖြစ်ပြီး ရေပြင်ဧရိယာမိုင် ၁၀၀ လောက်ရှိခဲ့တဲ့ ရေအိုင်ကြီးတအိုင်ဟာ တစ်နှစ်ထက်တစ်နှစ် ရေတွေခမ်းခြောက်လာတယ် ရေပြင် ကျဉ်းသထက်ကျဉ်းလာနေတယ်ဆိုတဲ့အဖြစ်ဟာ မယုံကြည်နိုင်လောက်ကိုပဲ မြန်ဆန်လာနေပါတယ်။ လူတွေဟာ ဒီရေအိုင်ကြီးထဲက သယံဇာတတွေကို ရနိုင်တာထက်ပိုပြီး ထုတ်ယူသုံးစွဲခဲ့ကြလို့ အဲဒီမယုံကြည်နိုင်လောက်တဲ့အဖြစ်ဟာ တကယ်ဖြစ်လာနေပါပြီ။

တိုးနရားခရမ်းချဉ်သီးပွဲရုံပိုင်ရှင် ကိုကျော်ဇင်လတ်က ဒီရေကန်ကြီး ရေတွေခမ်းလာရခြင်းအကြောင်း။ရင်းနဲ့ အခက်အခဲတွေဘယ်လိုကြုံလာရသလဲဆိုတာ အခုလို ရှင်းပြပါတယ်။

ကျွန်တော်တို့ အခုနောက်ပိုင်း ၁၉၉၄ ခုနှစ်လောက် နောက်ပိုင်းမှာ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေ သုံးလာတော့ တော်တော်လေး သိသာလာတယ်။ မြစ်ရေပြင်လည်း တော်တော်လေး ညစ်နွမ်းလာတာပေါ့နော်။  ရေက ခါတိုင်းလို မဟုတ်တော့ဘူး ။ ဒီလိုမျိုး အခက်အခဲတွေ ရှိလာတာပေါ့။ သောက်ရေ သုံးရေ မရတော့ဘူးပေါ့နော်။ တောင်သူတွေ အနေနဲ့လည်း ခရမ်းချဉ်သီးကို ကျွန်းမျောပေါ်မှာ ထပ်ကာ ထပ်ကာ စိုက်တဲ့ အခါကျတော့ ဒီမြေဆီလွှာ အချဉ်ပေါက်တာတွေ တခြား အထွက်နှုန်းကျတာတွေလည်း ရှိလာတာပေါ့။ နောက်ပြီးတော့ ပိုးသတ်ဆေးတွေ သုံးတဲ့အခါကျတော့ သဘာဝနဲ့ ဆန့်ကျင်တဲ့ အတွက် ဒီဘေးထွက်ဆိုးကျိုးလည်း ရှိလာတာပေါ့။ ကျန်းမာရေးအတွက်လည်း မကောင်းဘူးပေါ့။

ဒေသခံအမျိုးသမီးကြီးတစ်ဦးကလည်း ရေအခက်အခဲ ကြုံတွေ့နေရတာကို ပြောပြပါတယ်။ သူတို့မိသားစုဆိုရင် သူများအိမ်ကရေကို သွားသယ်သုံးရတယ်လို့ဆိုပါတယ်။

ဒီ အင်းလေးကန်ကြီးဟာ သဘာဝကပေးထားတဲ့ လက်ဆောင် တစ်ခုဖြစ်သလို ဒီဒေသမှာမှီတင်းနေထိုင်သူသက်ရှိအားလုံးအတွက်လည်း တာဝန်ကျေစွာ အကျိုးပြုနေဆဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး … အင်းလေးကန်ကိုအမှီပြုနေကြတဲ့ လူသားတွေအတွက် စားနပ်ရိက္ခာထုတ်လုပ်ပေးနေဆဲ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနေဆဲ …ခရီးသွားလုပ်ငန်း ဆက်လက်ရှင်သန်ဖို့ အစွမ်းကုန်လှပနေဆဲ …ဇီဝမျိုးကွဲမျိုးစိတ်တွေ မှီခိုနိုင်မယ့် ပတ်ဝန်းကျင်ကောင်းကိုလည်း ဖန်တီးပေးနေဆဲ …ပါပဲ။ ဒါပေမယ့် အင်းလေးကန်ဟာသေလုမျောပါးလူနာတစ်ဦးလို ကျန်းမာရေးအရ အရေးကြီးတဲ့အဆင့်ကိုရောက်နေပြီဆိုတာမျက်မြင်တွေ့နေရပြီဖြစ်ပါတယ်။

ကိုကျော်ဇင်လတ်ကပဲ အခုလို ထပ်ရှင်းပြပါတယ်။

 အင်းလေကန်ကတော့ ရေတွေခမ်းလာတာပေါ့နော်။ ကျွန်တော်တို့ ငယ်ငယ်ကနဲ့စာရင် ပိုပြီးတော့ ခန်းလာတာပေါ့။ နောက်တစ်ခုက သစ်ပင်တွေ သစ်တောတွေ ပြုန်းတီးလာတာလဲ ပါလာတာပေါ့။ မြေဆီလွှာ ထိန်းသိမ်းမှု မရှိတဲ့အတွက် အနည်ပို့ချမှု များလာတဲ့အတွက် ရေမနေတော့ဘူး။

ဒေသခံ အမျိုးသမီးတစ်ဦးကလည်း အခုလို ပြောပြပါတယ်။

ငယ်ငယ်တုန်းကဆိုရင် အင်းလေးကန်ကအကျယ်ကြီး အခုတော့ ကျဉ်းကျဉ်းလေး ကျန်တော့တယ်။ အန်တီတို့က အင်းလေးကန်ကနေ မှီခိုပြီးမှ လုပ်စားရတယ်ဆိုတော့ အင်းလေးကန်ကြီးက ကျဉ်းကျဉ်းလေးဆိုတော့ အန်တီတို့လည်း စိတ်မကောင်းဘူးပေါ့နော်။ ငါးတွေလည်း ရှားသွားတယ်။ ရေရှားတော့ လူတွေဒုက္ခပိုရောက်လာတာပေါ့

အင်းလေးကန်ဟာ ၂၀၁၀ နွေရာသီတုန်းက နှစ်ပေါင်း ၅၀ အတွင်းစံချိန်တင်ရေခန်းခြောက်မှုနဲ့ ကြုံတွေ့ခဲ့ဖူးပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ နွေရာသီသာမကမိုးရာသီမှာပါ ရေခန်းခြောက်မှုပြသနာတွေ၊ ရေနီတွေက ကန်ထဲစီးဝင်လာနေတာတွေနဲ့ ရေအဆိပ်သင့်တဲ့ပြဿနာတွေ ကြုံလာနေရပါတယ်။

ဒါတွေဟာသိသာထင်ရှားတဲ့ပြသနာတချို့သာဖြစ်ပါတယ်။ ဒီလို သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေတဲ့အဆင့်ကိုကျော်လွန်သွားပြီဖြစ်တဲ့ အင်းလေးကန်ကိုထိထိရောက်ရောက်နဲ့ အချိန်မီ ပြုပြင်ထိန်းသိမ်းမှုမလုပ်ဘူးဆိုရင်  နောက်ရာစုအတွင်းမှာအင်းလေးကန်ဟာပျောက်ကွယ်သွားမယ်လို့ ပညာရှင်တွေကလည်း သတိပေးထားပြီးဖြစ်ပါတယ်။

လူသားတွေ မရှိခင်ကတည်းကရှိနေခဲ့တဲ့ သဘာဝလက်ဆောင် အင်းလေးကန်ဟာလူသားတွေကြောင့် စိုးရိမ်စရာဖြစ်နေပြီဆိုတာသိသာထင်ရှားနေပါပြီ။ဘာကြောင့် လူသားတွေကြောင့်ဖြစ်ရတာလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ …။

အင်းလေးကန်ထဲမှာလူဦးရေဟာတစ်နှစ်ထက်တစ်နှစ် ပိုပြီးထူထပ်လာတယ်လို့ ဆိုပါတယ်။ ဒီတော့ တစ်ခုနဲ့တစ်ခုတွဲဆက်ထားသလိုအိမ်ရာတွေများလာ.. ပြီးတော့ စားဝတ်နေရေးအတွက် ရေခြံတွေပိုများလာ … ရေခြံတွေတိုးပွားလာတဲ့အခါမှာလည်းပိုးသတ်ဆေးနဲ့ဓါတ်မြေသြဇာသုံးစွဲမှုပိုများလာ… ဒီလိုပိုးသတ်ဆေးတွေ ဓါတ်မြေသြဇာတွေသုံးတာများတော့ ရေထုညစ်ညမ်းမှုပိုလာ… ရေထုညစ်ညမ်းရာကတဆင့် ဇီဝမျိုးစိတ်တွေ ထိခိုက်ပြီးအင်းလေးကန်ရဲ့ဂေဟစနစ်ကိုပျက်ယွင်းလာရပါတော့တယ်။

ဒီလိုနဲ့ပဲ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကိုလူသားတွေဟာ တစ်နွယ်ငင်ရင် တစ်စင်ပါ ဆိုသလို  ဂေဟစနစ်ပျက်ယွင်းမှုသံသရာပါပဲ။ လူသားတွေနဲ့ သဘာဝတရားတို့ရဲ့ မဆုံးနိုင်တဲ့သံသရာကတော့ ရပ်တန့်လို့မရတော့တဲ့ အခြေအနေကို ရောက်ရှိနေပြီဆိုတာသိသာထင်ရှားနေပါတယ်။

ဒီလိုတွေဖြစ်လာရခြင်း အကြောင်းရင်းနဲ့ ပြန်လည်ပြုပြင်မှုအနေအထားကို ဒေသခံ မယဉ်မျိုးစုက အခုလို ပြောပြပါတယ်။

 အင်းလေးကန်ရဲ့ ခက်ခဲမှုတွေဟာ သဘာဝက ပျက်စီးတာတင် မဟုတ်တော့ဘူး။ ပျက်စီးရခြင်း အကြောင်းရင်း တစ်ခုက ဟော်တယ်လုပ်ငန်းတွေ အကြောင်းအရင် တစ်ခုကြောင့်လည်း မဟုတ်ဘူး။ ခရီးသွားလုပ်ငန်းတစ်ခုကြောင့်လည်း မဟုတ်ဘူး။ စိုက်ပျိုးရေး လုပ်ငန်းတစ်ခုကြောင့်လည်း မဟုတ်ဘူး။ နောက် တောင်တွေကနေ ရေပြိုစီးတာတွေ ကမ်းပြိုတာကြောင့်လည်း မဟုတ်ဘူး။ နောက် သစ်တောပြုန်းတီးတာကြောင့် တစ်ခုတည်းလည်း မဟုတ်ဘူး။ အကုန်လုံးက အခက်အခဲတွေ တစ်ခုက တစ်နေရာတည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ခက်တာတော့ ခက်တယ်။ လူဆိုတာ အသက်ရှင်နေသရွေ့ အခက်အခဲဆိုတာ နေ့တိုင်း ကြုံတော့ ကြုံနေရမှာပဲ။ အရေးကြီးတာကမျှော်လင့်ချက် မပျောက်သွားဖို့ ပဲ။ တစ်ခါ တစ်ခါ ပြောမိတယ် ဘယ်သူမှ မလုပ်ဘူးလို့။ အဲဒီဘယ်သူမှဆိုတဲ့ အထဲမှာ ကိုယ်လည်းပါတယ်။ ဆိုတော့  ဘယ်သူမှ မလုပ်ဘူးလို့ ပြောနေမယ့်အစား … ကိုယ့်လက်နှစ်ဖက်နဲ့နိုင်သလောက်ကို လူတိုင်းလူတိုင်းက လုပ်သင့်တယ်လို့ မြင်တယ်။

 ဒါပေမဲ့ အင်းလေးကန်ရဲ့ လှပမှုနဲ့ အင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေကတော့ ခရီးသွားတွေကို ဆွဲဆောင်ထားနေဆဲပါပဲ …။

သန်းနဲ့ချီလာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအဖို့တော့အင်းလေးဟာတောတောင်ရေမြေ သဘာဝအလှတရားတွေနဲ့ ပြည့်စုံနေသေးတဲ့ နေရာလေးတစ်ခုဖြစ်သလိုအင်းသားတို့ရဲ့ ရိုးရာဓလေ့တွေ … အင်းသားတို့ရဲ့ လက်မှုပညာရပ်တွေ … အင်းသားတို့ရဲ့ ရိုးရာအစားအသောက်တွေကလည်းမရိုးနိုင်အောင် လေ့လာလို့မဆုံး ဖြစ်နေမှာပါ။

တစ်အိမ်နဲ့တစ်အိမ် … တစ်နေရာနဲ့တစ်နေရာစက်လှေလေးနဲ့ သွားလာနေကြတဲ့မြင်ကွင်းကို အင်းလေးကန်ရေပြင် နေရာအနှံ့မှာတွေ့နေရပါတယ်။ အိမ်တိုင်းမှာလည်းစက်လှေကိုယ်စီရှိတာကိုတွေ့ရပါတယ်။ ဒါကြောင့်လည်းလှေကိုလက်နဲ့မလှော် ခြေနဲ့လှော်တဲ့သူတွေ တော်တော်နဲ့ကို မမြင်ကြရတာကိုး …။ ဒါပေမဲ့ ကျွန်မတို့ အလည်သွားခဲ့တဲ့အိမ်ကအင်းသားတိုင်းရင်းသားကြီးဦးရွှေကတော့ လှေကိုခြေထောက်နဲ့လှော်ပြပါတယ်။ ခြေထောက်နဲ့ လှေလှော်တာရဲ့ အဓိကသော့ချက်က ဟန်ချက်ညီဖို့ပါလို့ ဦးရွှေကရှင်းပြပါတယ်။

အင်းရေပြင်ကျယ်ထဲမှာရေမှုန်တဖွားဖွားနဲ့ ခုတ်မောင်းသွားလာနေတဲ့ စက်လှေတွေသာမင်းမူနေတာကို ကျွန်မသတိထားမိပါသေးတယ်။ ငါးဖမ်းနေတဲ့ ကိုတံငါတချို့ကတော့ လှေကိုခြေတစ်ဖက်နဲ့လှော်ခတ်ပြီးငါးရှာနေကြတာတွေ့နေရပါတယ်။ တချို့ ကိုတံငါတွေကတော့ ရေပြင်ကို ဝါးလုံးနဲ့ရိုက်ပြီးငါးဖမ်းနေကြပါတယ်။ ဒီလိုရေပြင်ကို ဝါးလုံးနဲ့ရိုက်ပြီးခြောက်လှန့်တာဟာအသေးစားမိုင်းခွဲသလိုပဲလို့ သတ္တဗေဒဆရာတစ်ဦးကပြောဖူးပါတယ်။ ဘက်ထရီရှော့တိုက်ပြီးငါးဖမ်းကြသလိုပဲ ငါးမျိုးစိတ်တွေ ပျက်သုဉ်းသွားနိုင်တဲ့ အန္တရာယ်လည်းရှိနေပါတယ်။

ဒီတံငါသည်ဦးကြီးကတော့ ကျွန်မတို့အဖွဲ့ကိုငါးဖမ်းပြဖို့ အားတက်သရောကူညီပေးပါတယ်။ ခြေတစ်ဖက်နဲ့ လှော်တက်ကိုထိန်းခြေတစ်ဖက်ကိုအားပြုထောက်လို့ ခြင်းကြီးနဲ့ငါးဖမ်းနေတာကလည်း ဟန်ချက်ညီလှပြီးသူကျွမ်းကျင်မှု ဘယ်လောက်ရှိတယ်ဆိုတာ ပြသပေးနေပါတယ်။

အင်းလေးကန်ထဲမှာတချိန်ကနာမည်ကြီးလှတဲ့ ငါးဖိန်းဆိုတဲ့ ငါးတွေကတော့ ရှားသွားပြီလို့ ဒေသခံတွေကပြောပြကြပါတယ်။ တချို့ကလည်းငါးဖိန်းတွေ မျိုးသုဉ်းကုန်ပြီလို့ ဆိုပြန်ပါတယ်။ ဒါဟာလည်းဂေဟစနစ်ပျက်ယွင်းမှုရဲ့ အကျိုးဆက်တစ်ခုလို့ ပြောရင် မှားမယ်မထင်ပါဘူး။

ဒါပေမဲ့ ပညာရှင်တစ်ယောက်ကတော့ ငါးဖိန်းတွေ မျိုးသုဉ်းသွားတာမဟုတ်ပဲအင်းလေးကန်ရဲ့ တောင်ဘက်ပိုင်းမိုးဗြဲဆည်ဘက်ကိုပြောင်းရွှေ့သွားတာလို့ ရှင်းပြထားပါတယ်။

တကယ်တော့ အင်းလေးကန်ထဲကရေတွေဟာစိုက်ခင်းတွေမှာသုံးတဲ့ပိုးသတ်ဆေးတွေကြောင့် အဆိပ်သင့်နေခဲ့တာ ကြာပါပြီ။ ဒါကြောင့်လည်းတချို့ငါးမျိုးစိတ်တွေ ပျောက်ကွယ်လုဖြစ်တာတွေ၊ နေရာရွှေ့ပြောင်းတာတွေ ဖြစ်ပေါ်လာရတာပါ။

အခုဆိုရင် မူလကရေပြင်ဧရိယာစတုရန်းမိုင် ၁၀၀ လောက်ရှိတဲ့ အင်းလေးကန်ဟာ၂၀၀၈ ခုနှစ်ကစလို့ စတုရန်းမိုင် ၂၃ မိုင်ခန့်သာ ရေအကျယ်ရှိပါတော့တယ်။

ပြီးတော့ ဒေသခံတွေကိုယ်တိုင် ပြောနေကြတာတွေကိုစုစည်းကြည့်လိုက်မယ် ဆိုရင်

အင်းလေးကန်ဟာကျဉ်းလာတယ်…

ရေတွေညစ်ညမ်းလာတယ်…

အိမ်ခြေတွေများလာတယ်…

ငယ်ငယ်တုန်းကရေကို ဒီတိုင်းခပ်သောက်လို့ရတယ်…။ အခုရေတွေကရွှံ့ရောင်ထွက် နေတယ်…

တောင်ပေါ်ကနေ နှုန်းတွေဆင်းလာတယ်…

ငါးတွေရှားလာတယ် …

ဒီစကားတွေဟာဒေသခံတွေရဲ့ လက်တွေ့ရင်ဆိုင်နေရတာတွေပါ။ ပြီးတော့ အနာဂတ်မျိုးဆက်သစ် အင်းတိုင်းရင်းသားတွေ အင်းလေးကန်ကို မြင်ခွင့်ရပါ့မလားလို့ တွေးပူနေတဲ့သူတွေလည်းရှိနေတာတွေ့ရပါတယ်။

ကိုယ့်ရဲ့အနာဂတ်ဟာကိုယ့်ရဲ့လက်ထဲမှာပဲရှိသလိုအင်းသားတွေရဲ့ အနာဂတ်ကလည်း အင်းသားလူမျိုးတွေရဲ့လက်ထဲမှာပဲရှိသလို အင်းလေးကန်ကြီးက ိုအမှီပြုပြီးရပ်တည်နေရသူတွေ လက်ထဲမှာပဲရှိသလို အစိုးရမှာလည်းတာဝန်ရှိတာပါပဲ။

Inlay heritage manager

… အနာဂတ်မျိုးဆက်သစ်ကိုလက်ဆင့်ကမ်းတဲ့အခါမှာပိုပြီးမကောင်းတောင် ပိုပြီးမဆိုးတဲ့…. လက်ဆင့်ကမ်းပေးဖို့ သင့်ပါတယ်။ ကိုယ်ရခဲ့သလိုပဲ အခြားသူကိုလည်း ဒီထက်မက မြင်နေပါစေ ကိုယ်ရခဲ့သလိုပဲ ပြန်ပေးနိုင်ပါစေဆိုတဲ့စိတ်ထား ရှိကြရမှာပါပဲ။ပါ့။ အင်းထဲမှာနေတဲ့ အင်းသူ အင်အားတွေ အပြင် အင်းလေး ဒေသ တစ်ဝိုက်မှာ ရှိတဲ့ သူတွေ အားလုံးကကော ဒီမြန်မာနိုင်ငံတစ်ဝန်းမှာ ရှိတဲ့ သူတွေအားလုံးကို ဒီဒေသကြီးရဲ့ မှီခိုနေတဲ့ လူတိရစ္ဆာန် အကုန်လုံးနဲ့ အင်းလေးကန်ကြီးကို မပပျောက်အောင် အဖက်ဖက်ကနေ စောင့်ရှောက်ပေးဖို့ အလွန်ပဲ အရေးကြီးလာခဲ့ပါပြီ။

Mizzima Weekly