ဘင်္ဂလားဒေ့ရှ်၌ ကွန်တိန်နာဝင်း မီးလောင်မှုဖြစ်ပွား၍ လူ ၂၅ ဦး သေဆုံးပြီး ရာချီ ဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်၌ ကွန်တိန်နာဝင်း မီးလောင်မှုဖြစ်ပွား၍ လူ ၂၅ ဦး သေဆုံးပြီး ရာချီ ဒဏ်ရာရ

ဇွန် ၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းရှိ ကွန်တိန်နာဝင်းတစ်ခု၌ မီးအကြီးအကျယ် လောင်ကျွမ်းပြီး ပေါက်ကွဲမှုတစ်ခုလည်း ဖြစ်ပွား၍ အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး အခြား လူပေါင်းရာချီ ထိခိုက်ဒဏ်ရာများ ရခဲ့သည်ဟု တာဝန်ရှိသူများက ဇွန်လ ၅ ရက်တွင် ပြောသည်။

အဓိက ဆိပ်ကမ်းမြို့ စစ်တကောင်းမှ ၄၀ ကီလိုမီတာ (၂၅ မိုင်) ခန့် အကွာရှိ စစ်တာကွန်ဒါမြို့ရှိ ကုန်သေတ္တာများ ထားရှိရာ ဝင်းတစ်ခုတွင် ညသန်းခေါင်မတိုင်မီ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မီးသတ်ဌာန တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဂျလဲ အာမက်ဒ်က ပြောသည်။

“မီးလောင်မှုကြောင့် မီးသတ်သမား ငါးယောက်အပါအဝင် လူ ၂၅ ယောက် သေဆုံးခဲ့ပါတယ်။ မီးက လုံးဝ မငြိမ်းသေးသလို သေဆုံးသူဦးရေ ထပ်မံမြင့်တက်လာနိုင်ပါတယ်” ဟု ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဟာဆန် ရှာဟရီရာက အေအက်ဖ်ပီကို ပြောသည်။

မီးသတ်တပ်ဖွဲ့ အများအပြားက မီးလောင်ရာ နေရာကို သွားရောက် ငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့စဉ် ကြီးမားသည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ရာ မီးသတ်သမားများ အပါအဝင် လူအများအပြား ဒဏ်ရာများရခဲ့ကြောင်း ပြည်တွင်းရဲတပ်ဖွဲ့အကြီးအကဲ အဘူလ် ကာလမ် အဇက်ဒ်က အေအက်ဖ်ပီကို ပြောသည်။

ဒဏ်ရာရသူများထဲတွင် မီးသတ်သမား ၄၀ ဦးခန့်နှင့် ရဲ ၁၀ ဦးခန့်လည်း ပါဝင်ကြောင်း စစ်တကောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ အန်ဝါ ဟူစိန်က ပြောသည်။

ဒဏ်ရာရသူများကို ဒေသရှိ ဆေးရုံများသို့ အမြန်ဆုံး တင်ပို့ခဲ့ပြီး အရေးပေါ် အခြေအနေအရ လူနာများကို ကူညီ ကုသရန် ဆရာဝန်များကိုလည်း ခေါ်ယူထားခဲ့ရသည်။

လူ ၂၀ ဦးခန့်မှာ ခန္ဓာကိုယ်၏ ၆၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ မီးလောင်ဒဏ်ရာများ ရထားပြီး အရေးပေါ် အခြေအနေတွင် ရှိနေသလို သေဆုံးသူဦးရေ ထပ်မံ မြင့်တက်လာနိုင်ဆဲ ဖြစ်သည်ဟု စစ်တကောင်း၏ အကြီးအမှူး ဆရာဝန် အီလီယာ့စ် ချောက်ဒ်ဟရီက ပြောသည်။

ဒဏ်ရာရသူဦးရေမှာ ၃၀၀ ခန့် ရှိသည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြနေသလို ဒဏ်ရာရသူများအတွက် သွေးလှူဒါန်းပေးရန် ပန်ကြားချက်များလည်း ဆိုရှယ်မီဒီယာတွင် ပြည့်နှက်နေခဲ့သည်။

တနင်္ဂနွေနေ့ မနက်ပိုင်းအထိ မီးကို ငြှိမ်းသတ်နိုင်ရန် အရေးပေါ်လုပ်သားများ လုပ်ဆောင်နေရဆဲဖြစ်ပြီး စစ်ဘက်ဆေးရုံများတွင်လည်း ဒဏ်ရာရသူများကို ကူညီကုသပေးနေကြောင်း သိရသည်။

မီးကို အတော်များများ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်းနှင့် ကွန်တိန်နာဝင်းအတွင်း ဟိုတစ်ကွက်၊ ဒီတစ်ကွက် မီးလောင်ကျွမ်းနေမှုများ ရှိနေဆဲဖြစ်ကြောင်း စစ်တကောင်း ခရိုင် အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲ မိုမီနာ ရာမန်က ပြောသည်။

“လောင်ကျွမ်းနေဆဲဖြစ်တဲ့ မီးတွေကို ထိန်းချုပ်နိုင်ဖို့ မီးသတ်သမားတွေ ကြိုးပမ်းနေပါတယ်” ဟု ၎င်းက ပြောသည်။

ထို ကွန်တိန်နာဝင်းအတွင်း အနောက်နိုင်ငံများမှ လက်လီဖြန့်ချိသူလုပ်ငန်းများထံ တင်ပို့ရန် စောင့်ဆိုင်းနေသည့် ဒေါ်လာသန်းချီတန်ဖိုးရှိ အထည်အလိပ် ထုတ်ကုန်များ ရှိနေခဲ့သည်ဟု ရာမန်က ပြောသည်။

ထို့ပြင် ဧက ၃၀ ကျယ်သည့် ပုဂ္ဂလိက ကွန်တိန်နာဝင်းအတွင်းရှိ ကုန်သေတ္တာအချို့မှာ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် အပါအဝင် ဓာတုပစ္စည်းများ ပါဝင်နေကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်တွင်း ကွန်တိန်နာ အဖွဲ့အစည်း (BICA) ၏ ပြောရေးဆိုခွင့်ရှိသူ ရူဟူလ် အေမင် စစ်ခ်ဒါက ပြောသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားခြင်း၏ အကြောင်းရင်းကို မသိရသေးကြောင်း B.M ကွန်တိန်နာဝင်း၏ ညွှန်ကြားရေးမှူး မူဂျီဘာ ရာမန်က ပြောသည်။ အဆိုပါ ဝင်းတွင် အလုပ်သမား ၆၀၀ ခန့်ကို ခန့်အပ်ထားကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly