မုံရွာမြို့နယ်တွင် ပျူစောထီးများအား တိုက်ခိုက်ရာ ၂ဦး သေဆုံးပြီး သေနတ် ၁ လက်ရရှိဟုဆို

မုံရွာမြို့နယ်တွင် ပျူစောထီးများအား တိုက်ခိုက်ရာ ၂ဦး သေဆုံးပြီး သေနတ် ၁ လက်ရရှိဟုဆို

ဇွန်လ ၄ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ငွေကြေးကောက်ခံနေသော ပျူစောထီးဆိုသူများအား တိုက်ခိုက်ရာ နှစ်ဦး သေဆုံးပြီး သေနတ်တစ်လက် ရရှိခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။

“လာသမျှ ကား၊ဆိုင်ကယ်ကို အမျိုးမျိုးအကြောင်းပြ အပြစ်ရှာ ငွေညှစ်နေတာ အဲဒါကြောင့် ရှင်းလင်းလိုက်တာ ။ ပြည်သူတွေကို ဒုက္ခပေးတဲ့ကောင်တွေကို ရှင်းလိုက်ရတာကျေနပ်တယ် ။ နောက်လည်း အခွင့်သင့်ရင် ဆက်ရှင်းသွားမယ်” ဟု မုံရွာစေတန် အဖွဲ့ ခေါင်းဆောင် က မဇ္စျိမကိုပြောသည်။

မုံရွာမြို့နယ် ၊ကြေးမုံရွာ ဇရပ်တွင် ဇွန်လ ၄ရက်နေ့က အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တောပုရွာမှ ပျူစောထီးအဖွဲ့ဝင်ဖြစ်သော ဦးချစ်သဲနှင့် ဦးနန်းအောင်တို့ သေဆုံးသွားပြီး ၎င်းတို့ကိုင်ဆောင်သော ကာဘိုင် သေနတ်တစ်လက်ရရှိခဲ့ကြောင်းဆိုသည်။

ယင်းတိုက်ခိုက်မှုတွင် မုံရွာစေတန် အဖွဲ့ Monywa Satan နှင့်အတူ Special Force 11 ၊ Monywa Hero Group ၊Monywa The Boy ၊ Special ဒိတ်ဒိတ်ကြဲ အဖွဲ့တို့ ပူးပေါင်းခဲ့ကြောင်း သိရသည်။

မန္တလေး-မုံရွာ ကားလမ်းတလျှောက် နေရာရွှေ့ပြီး ကားနှင့်ဆိုင်ကယ်များအား အကြောင်းအမျိုးမျိုးပြ အပြစ်ရှာကာ ငွေညှစ်ကြခြင်းဖြစ်ပြီး ရံဖန်ရံခါ အင်အား အများအပြားဖြင့် စခန်းချ တောင်းခံလေ့ရှိကြောင်း သိရသည်။

ဒေသအတွင်းတွင် မုံရွာမြို့နယ် တောပုရွာနှင့် အနီးနားရှိ ချောင်းဦးမြို့နယ် ကင်းမွန်တောရွာမှ ပျူစောထီးများသည် စစ်ကောင်စီတပ်များနှင့် စစ်ကြောင်းထိုးသည့် အခါများတွင် လိုက်ပါတတ်ပြီး မီးရှို့ဖျက်ဆီးခြင်း၊ နေအိမ်များရှိပစ္စည်းများကို လုယူခြင်းများပြုလုပ်ကြကြောင်း ဆိုသည်။

မေလ ၂၆ရက်နေ့ကလည်း မုံရွာမြို့ မြို့ရှောင်လမ်း ၊ ရေကူးကန်နှင့် စက်မှုဇုန်အတွင်း ဖုန်း၊ ငွေ နှင့် ဆိုင်ကယ်များအား အုပ်စုဖွဲ့လုယက်နေပြီး ကံမရွာအနီးမှ အမျိုးသမီးနှစ်ဦးအား ဓါးဖြင့်ခုတ်ခြင်း ၊ ဇလုပ်ကျေးရွာ အနီးတွင် နွားကျောင်းနေသော ကလေးအား ဓါးဖြင့်ခုတ်သတ်ခြင်း အပါအဝင် လုယက်မှု အကြိမ်ကြိမ် ကျူးလွန်ထားသော ခိုးဆိုး လုနှိုက် အဖွဲ့ဝင်တစ်ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့ Naung Yoe Local Defense Force နှင့် ပူးပေါင်းကာ မုံရွာ စေတန်အဖွဲ့မှ ရှင်းလင်းခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly