သရက်ချောင်းတွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ် စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံး

By ကိုရွှေမြိတ်
04 June 2022
သရက်ချောင်းတွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ် စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံး

သရက်ချောင်း၊ ဇွန် (၄)

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ရှိ သဲချောင်းကြီးရဲစခန်းတွင် ဇွန်လ ၃ ရက် နေ့ မွန်းလွဲ ၁၂ နာရီအချိန်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း PDF အဖွဲ့ဝင်များထံမှ သိရသည်။

မွန်လွှဲပိုင်း ၁၂ နာရီမှ ညနေ ၄ နာရီ အထိ ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ရာမှ တိုက်ပွဲပြင်ထန်းခဲ့သည်ဟု PDF အဖွဲ့ဝင် တစ်ဦးကပြောသည်။

ဒေါင်းမင်းစစ်ဆင်ရေး(TYC-PDF)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “တိုက်ပွဲက ကျွန်တော်တို့ ရဲစခန်းကိုဝင် ရောက်သိမ်းပိုက်ပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်။ ညနေပိုင်းမှာ စစ်တပ်ဘက်က စစ်ကူလာတော့ ကျွန်တော် ပြန်ဆုတ်ခဲ့ရတယ်”ဟု ပြောသည်။

ယင်းတိုက်ပွဲကို တောင်ပျောက်တိုက်နယ် ဒေါင်းမင်းစစ်ဆင်ရေး (TYC-PDF)နှင့် မဟာမိတ်ပူပေါင်းအဖွဲ့ များပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကာ ၂၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရှိခဲ့ ကြောင်း ၎င်းကပြောသည်။

စစ်ကူလာသော စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

တိုက်ပွဲကြောင့် သဲချောင်းကြီး၊ ကျွဲခြံ၊ ဝင်းကဖော် အနီးတစ်ဝိုက်မှ ရွာသူရွာသားများသည် နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#Mizzima

#သရက်ချောင်း

#သဲချောင်းကြီးရဲစခန်း

#ဒေါင်းမင်းစစ်ဆင်ရေး(TYC-PDF)

#တောင်ပျောက်တိုက်နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly