တီယန်နန်မင်ရင်ပြင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအထိမ်းအမှတ် ရုပ်တုပုံတူကို ထိုင်ဝမ်တွင် ပြသမည်

By The Print
03 June 2022
တီယန်နန်မင်ရင်ပြင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအထိမ်းအမှတ် ရုပ်တုပုံတူကို ထိုင်ဝမ်တွင် ပြသမည်

၁၉၈၉ ခုနှစ် တီယန်နန်မင်ရင်ပြင်၌ အစုလိုက်အပြုံလိုက်အသတ်ခံရသူများကို အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် ပြုလုပ်သော ၃ မီတာအရှည်ရှိသည့် “Pillar of Shame” ရုပ်တုပုံတူကို ဇွန်လ ၄ ရက်နေ့ ညနေတွင် ထိုင်ဝမ်၌ကျင်းပသည့် အထိမ်းအမှတ်ပွဲတွင် ပြသသွားမည်ဖြစ်သည်။

ယခုသီတင်းပတ်တွင်ပြုလုပ်မည့် တီယန်နန်မင်ရင်ပြင်ဖြစ်ရပ်အောက်မေ့ဖွယ်အခမ်းအနားမတိုင်မီ ဒိန်းမတ် အနုပညာရှင် တစ်ဦးမှပြုလုပ်သည့် ရုပ်ထုပုံတူကို ထုလုပ်ရန် New School for Democracy (NSD) မှ မတည်ငွေရှာဖွေပြီးနောက် အဆိုပါရုပ်တုကို တိုင်ပေတွင် ပြသသွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာက ဟောင်ကောင်တက္ကသိုလ်မှ အလုပ်သမားများသည် တက္ကသိုလ်မှတာဝန်ရှိသူများ၏ အမိန့်ဖြင့် Pillar of Shame ဟုသိကြသည့် တီယန်နန်မင်အစုလိုက်အပြုံလိုက်အသတ်ခံရမှုအောက်မေ့ဖွယ် ရုပ်တုကို ဖယ်ရှားခဲ့ကြသည်။

ယင်းအထိမ်းအမှတ်ရုပ်တုသည် ၁၉၈၉ ခုနှစ်က တီယန်နန်မင်တွင် အသတ်ခံခဲ့ရသူများကို အောက်မေ့သည့်အနေဖြင့် ဒိန်းမတ်အနုပညာရှင်တစ်ဦးက ဖန်တီးခဲ့ခြင်းဖြစ်သည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ တရုတ်ရေးရာဒါရိုက်တာ ဆိုဖီရစ်ချက်ဆင်က ရုပ်တုကို ကြောက်ရွံ့သည့် တရုတ်အစိုးရကို ဝေဖန်ပြစ်တင်ခဲ့သည်။

“ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးဖြစ်ပြီး အကြီးမားဆုံးစစ်တပ်လည်း ရှိသလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်ဖြစ်တဲ့ တရုတ်အစိုးရဟာ ကိုယ်စားပြုတဲ့ ရုပ်တုတစ်ခုကို ကြောက်ရွံ့ပြီး ညအချိန်မှာ ထုပ်ပိုးပြီး ခိုးယူသွားတာဟာ သနားစရာကောင်းလှပါတယ်” ဟု ရစ်ချက်ဆင်က ဒီဇင်ဘာလတွင် တွစ်တာ၌ ရေးသားခဲ့သည်။

၁၉၈၉ ခုနှစ်က ပေကျင်းရှိ တီယန်နန်မင်ရင်ပြင်နှင့် တခြားတရုတ်မြို့ကြီးများတွင် ကျောင်းသားများ၊ အလုပ်သမားများနှင့်တခြားသူများသည် ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခဲ့ကြပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ တာဝန်ယူတာဝန်ခံမှုနှင့် အကျင့်ပျက်ခြစားမှုအဆုံးသတ်ရေးတို့ကို တောင်းဆိုခဲ့ကြသည်။ တရုတ်အစိုးရက စစ်အုပ်ချုပ်ရေးကြေညာပြီး ၁၉၈၉ ခုနှစ် မေလနှောင်းပိုင်းတွင် ပြင်းထန်လာသော ဆန္ဒပြမှုများကို တုံ့ပြန်ခဲ့သည်။

ဇွန်လ ၃ ရက်နှင့် ၄ ရက်တို့တွင် တရုတ်စစ်တပ်သည် ငြိမ်းချမ်းစွာဆန္ဒပြနေသူများနှင့် ရပ်ကြည့်နေသူအများအပြားကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ပေကျင်း၌ နိုင်ငံသားတချို့က တရုတ်၏အကြမ်းဖက်ဖြိုခွင်းမှုကို တုံ့ပြန်သည့်အနေဖြင့် စစ်တပ်ယာဉ်တန်းများကို တိုက်ခိုက်ကာ မော်တော်ယာဉ်များကိုလည်း မီးရှို့ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly