ရွှေဆိုင်လာဖွင့်သည့် ဆိုင်ပိုင်ရှင်သားနှင့် ဝန်ထမ်းကို သေနတ်ဖြင့် ပစ်ခတ်ကာ ရွှေထည်များ လုယူထွက်ပြေး

ရွှေဆိုင်လာဖွင့်သည့် ဆိုင်ပိုင်ရှင်သားနှင့် ဝန်ထမ်းကို သေနတ်ဖြင့် ပစ်ခတ်ကာ ရွှေထည်များ လုယူထွက်ပြေး

ဇွန်လ ၃ ရက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့၌ ဇွန်လ ၃ရက်နေ့ နံနက်၇နာရီအချိန်ခန့်က မြို့မဈေးကြီးတွင် ရွှေဆိုင်လာဖွင့်သည့် ဆိုင်ပိုင်ရှင်သားနှင့် ဝန်ထမ်းကို သေနတ်သမားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ကာ ရွှေထည်များ လုယူထွက်ပြေးသွားကြောင်း ဒေသခံများထံမှ သိရသည်။

မြို့မဈေးကြီးတွင် ထက်ဝေယံအမည်ရှိ ရွှေဆိုင်ကို ဖွင့်လှစ်ရန် ဈေးဝင်ပေါက်အနီး ကားရပ်၍ ပစ္စည်းများချနေစဉ် ရွှေထည်များပါသည့် အိတ်ကို သေနတ်သမားတစ်ဦးမှ လုယူထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

“ အနက်ရောင် နှာခေါင်းစည်း တပ်ထားတယ် ဘောင်ဘီအရှည်နဲ့၊ ဆိုင်ရှင်သားကို သေနတ်နဲ့ထောက်ပြီး အိတ်ကိုယူပြေးတာ အဲ့မှာ အသင့်စောင့်နေတဲ့ သူ့လူ ဆိုင်ကယ်ပေါ်တက်တာကို အိတ်က ပြုတ်ကျမလိုဖြစ်တာ၊ ဆိုင်ဝန်ထမ်းက အဲ့အိတ်ကို ဆွဲလုတော့ သေနတ်ပစ်လိုက်တာ ပေါင်ကို ထိသွားတယ် ဒီကောင်တွေ အတော်အသင့်ရဲတယ်၊ လူတွေကြားထဲမှာကို မြန်မြန်လုပ်သွားတာ”ဟု ဈေးသူဈေးသားတစ်ဦးမှ ပြောသည်။

လုယက်သူ နှစ်ဦးသည် ရန်ကုန်-ပြည်လမ်းမအတိုင်း ကြို့ပင်သာကျေးရွာဘက်ကို ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။ ပစ်ခတ်ခံရသည့် ဆိုင်ဝန်ထမ်းကို ကြို့ပင်ကောက် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားသည်။

လုယူခံရသည့် ရွှေထည်ပစ္စည်းတန်ဖိုးအသေးစိတ်ကို မဇ္ဈိမမှ မသိရှိရသေးပေ။ အခင်းဖြစ်ပွားရာနေရာတွင် ရှာဖွေစစ်ဆေးရာ လုယူသူ၏ သေနတ်တစ်လက် ကျကျန်ခဲ့ကြောင်း တွေ့ရှိရသည်။

အဆိုပါ ရွှေဆိုင်ဓားမြတိုက်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး ကြို့ပင်ကောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေပြီး စစ်ကောင်စီမှ ပြည်သူနှင့် မိမိတို့ တပ်ဖွဲ့ဝင်များအကြား စည်းလုံးညီညွတ်မှု ပျက်ပြားအောင် နည်းမျိုးစုံဖြင့် ဖြိုခွဲလျက်ရှိကာ ပြည်သူများအနေဖြင့် အထူးဂရုစိုက်ရန် တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီဝါဒဖြန့် ဖေ့ဘွတ်စာမျက်နှာနှင့် တယ်ရီဂရန်ချဲနယ်များတွင် PDFမှ ရွှေ ငါးပိဿာကို လုယူသွားကြောင်း စွပ်စွဲရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly