ရှင်ကျန်းထိန်းသိမ်းရေးစခန်းများမှ ပေါက်ကြားလာသောဝီဂါဓာတ်ပုံများက ယူကျုံးမရဖြစ်စေသည်ဟု တက်ကြွလှုပ်ရှားသူ ပြော

ရှင်ကျန်းထိန်းသိမ်းရေးစခန်းများမှ ပေါက်ကြားလာသောဝီဂါဓာတ်ပုံများက ယူကျုံးမရဖြစ်စေသည်ဟု တက်ကြွလှုပ်ရှားသူ ပြော

တရုတ်နိုင်ငံ ရှင်ကျန်းဒေသရှိ လျှို့ဝှက်သော အစုလိုက်အပြုံလိုက်ထိန်းသိမ်းရေးစနစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထိန်းသိမ်းခံထားရသော ဝီဂါထောင်ပေါင်းများစွာ၏ ဓာတ်ပုံများ အွန်လိုင်းပေါ် ပေါက်ကြားလာမှုသည် ဝီဂါအရေး လှုပ်ရှားသူ တာနီဆာမက်ဆီဒစ်ကီရာကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

ဗြိတိသျှကိုလံဘီယာရှိ ဝီဂါအရေးလှုပ်ရှားမှုမှ သူနာပြုနှင့် ဒု-ဒါရိုက်တာဖြစ်သည့် တာနီဆာမက်ဆီဒစ်ကီရာသည် လွန်ခဲ့သော ၄ နှစ်က ရှင်ကျန်းဒေသမှ မိသားစုနှင့် အဆက်အသွယ်ပြတ်သွားခဲ့သည်။

ပေါက်ကြားလာသောဓာတ်ပုံများ၌ ဆွေးမျိုးတစ်ဦး သို့မဟုတ် မိတ်ဆွေတစ်ဦး၏ ဓာတ်ပုံများ ပါဝင်လာမည်ကို သူမစိုးရိမ်နေသည်။

“သူတို့ပုံတွေ ကြည့်ဖို့ အခုထိ ကြောက်နေတုန်းပဲ။ လူအတော်များများနဲ့ ရင်းနှီးတယ်လို့ ထင်ရတယ်။ သိတာ မသိတာကို ပြောတာမဟုတ်ဘူး။ သူတို့အားလုံးက ဝီဂါတွေလို့ ပြောချင်တာပါ။ ကျွန်မသိတဲ့ သူတစ်ယောက်ယောက် အစ်ကိုတွေ ဒါမှမဟုတ် တစ်ဝမ်းကွဲတွေ တူတွေကို ဓာတ်ပုံထဲမှာ တွေ့မိရင် ကျွန်မ ဘာဖြစ်သွားမလဲတောင်မသိဘူး။ ကျွန်မ အရမ်းကို စိတ်ထိခိုက်လွယ်တယ်လို့ ထင်တယ်” ဟု တာနီဆာမက်ဆီဒစ်ကီရာ က ဆိုသည်။

ရှင်ကျန်းရဲဖိုင်များကို BBC နှင့် Der Spiegel မှ သတင်းထောက်များပါ၀င်သည့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ဂျာနယ်လစ်အဖွဲ့ (ICIJ) မှ ပြီးခဲ့သည့်အပတ်က ဖော်ထုတ်ခဲ့ပြီး ၎င်းဖိုင်များတွင် ဝီဂါထောင်ပေါင်းများစွာ၏ ဓာတ်ပုံများ ပါဝင်ပြီး ၎င်းပုံများကို အွန်လိုင်း၌ လွှင့်တင်ထားပြီးဖြစ်သည်။

အသက် ၁၅ နှစ်နှင့် ၇၃ နှစ်အကြား အကျဉ်းသား ၂ ၈၀၀ ကျော်၏ သက်သေခံဓာတ်ပုံများအပါအဝင် ရဲလေ့ကျင့်ရေး များကို သရုပ်ဖော်ထားသော ဓာတ်ပုံများပါဝင်ပြီး ၎င်းတို့သည် ၂၀၁၈ ခုနှစ်နှင့်အစောပိုင်းက ပေါက်ကြားလာသောဖိုင်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

စခန်းများမှထွက်ပြေးသူ မည်သူ့ကိုမဆို ပစ်သတ်ရန်ညွှန်ကြားသည့် တရားဝင်မူဝါဒများကိုလည်း စာရွက်စာတမ်းများတွင် တွေ့ရသည်ဟု BBC က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly