အမေရိကန် အိုကလာဟိုးမားပြည်နယ် ဆေးရုံ၌ သေနတ်သမား၏ ပစ်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံး

အမေရိကန် အိုကလာဟိုးမားပြည်နယ် ဆေးရုံ၌ သေနတ်သမား၏ ပစ်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံး
Photo - AFP

ဇွန် ၂

အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမားပြည်နယ် တူလ်ဆာမြို့ရှိ ဆေးရုံ အဆောက်အအုံတစ်ခု၌ ဇွန်လ ၁ ရက်က သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူလေးဦးထက်မနည်း သေဆုံးခဲ့သည်ဟု ရဲများက ပြောသည်။ ယင်းဖြစ်စဉ်သည် အမေရိကန်ကို တုန်လှုပ်စေခဲ့သည့် နောက်ထပ် လူအများအပြား သေဆုံးသော သေနတ်ပစ်ခတ်မှုဖြစ်စဉ်လည်း ဖြစ်သည်။

ယင်းမတိုင်မီ ၁၀ ရက်ခန့်ကလည်း တက္ကဆက်ပြည်နယ် စာသင်ကျောင်းတစ်ကျောင်း၌ သေနတ်သမား၏ ပစ်ခတ်မှုကြောင့် လူအများအပြား သေဆုံး၊ ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ထားခဲ့သေးသည်။

ယခု စိန့် ဖရန်စစ် ဆေးရုံဝန်းအတွင်း ပစ်ခတ်မှုဖြစ်စဉ်တွင် သံသယရှိ သေနတ်သမားသည် ရိုင်ဖယ်တစ်လက်နှင့် ပစ္စတို တစ်လက်တို့ ကိုင်ဆောင်ထားခဲ့ပြီး ပစ်ခတ်မှု ပြုလုပ်ပြီးနောက် ၎င်းကိုယ်ကိုယ် သတ်သေသွားခဲ့သည်ဟု ရဲများက ပြောသည်။

“ခု လောလောဆယ်မှာ အရပ်သား လေးဦး သေဆုံးခဲ့ပါတယ်။ အသက်မရှိတော့တဲ့ ပစ်ခတ်သူတစ်ယောက်ကို တွေ့ပါတယ်။ ခုလောလောဆယ်တော့ သူဟာ သူ့ကိုယ်သူ သတ်သေသွားတယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်” ဟု တူလ်ဆာ ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ အီရစ် ဒဲလ်ဂလစ်ရှ်က သတင်းထောက်များကို ပြောသည်။

စိန့် ဖရန်စစ် ပရိဝုဏ်အတွင်း ဆေးရုံတစ်ခု ဖွင့်လှစ်ထားသော နာတာလီ အဆောက်အအုံ ဒုတိယအထပ်တွင် သေနတ်သမားတစ်ဦး ဝင်ရောက်ပစ်ခတ်နေသည် ဆိုပြီး အရေးပေါ် ဖုန်းခေါ်ဆိုမှု ရပြီးနောက် ချက်ချင်းပင် ရဲများက သွားရောက်တုံ့ပြန် ရှင်းလင်းခဲ့ကြောင်း ၎င်းက ပြောသည်။

ရဲများ ရောက်သွားခဲ့ချိန် အဆောက်အအုံထဲ၌ သေနတ်သံများ ကြားခဲ့ရသည်ဟု ဒဲလ်ဂလစ်ရှ်က ပြောသည်။ ယင်းနောက် သေနတ်သမားတစ်ဦး ရှိနေသည့် အခြေအနေအတွင်း ရဲများက အဆောက်အအုံကို တစ်ထပ်ပြီးတစ်ထပ်၊ အခန်း တစ်ခန်းပြီးတစ်ခန်း ရှာဖွေပြီး ရှင်းလင်းခဲ့ရကြောင်း ၎င်းက ပြောသည်။

လူအချို့ ပစ်ခတ်ခံထားရပြီး “ဒဏ်ရာ အများအပြား” ရရှိထားသည့်အတွက် အရေးပေါ် အခြေအနေတစ်ရပ်အဖြစ် ရဲများက ကိုင်တွယ်ရှင်းလင်းခဲ့သည်ဟု ရဲမှူး ရစ်ချတ် မူလန်ဘာ့ဂ်က ပြောသည်။

ယင်းဖြစ်စဉ်တွင် လူမည်မျှ ဒဏ်ရာရခဲ့သလဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

အရေးပေါ် ဖုန်းခေါ်ဆိုမှုများ ဝင်လာချိန်မှစပြီး ရဲများက သေနတ်သမားထံ သွားရောက်တုံ့ပြန်ရှင်းလင်းချိန်အထိ အချိန် လေးမိနစ်ခန့် ကြာခဲ့ကြောင်း ဒဲလ်ဂလစ်ရှ်က ပြောသည်။

သံသယရှိသူ သေနတ်သမားက မည်သူမည်ဝါ ဖြစ်သည် ဆိုသည်ကို ဖော်ထုတ်ရဦးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခု သေနတ်ပစ်ခတ်မှုဖြစ်စဉ်ကို သမ္မတ ဂျိုးဘိုင်ဒင်ထံ အစီရင်ခံတင်ပြထားကြောင်းနှင့် အာဏာပိုင်များအနေဖြင့် တူလ်ဆာမြို့ တာဝန်ရှိသူများကို ထောက်ကူပံ့ပိုးပေးထားကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly