ယူကရိန်းထံ အဆင့်မြင့် ဒုံးလက်နက်များ ပေးပို့ရန် အမေရိကန် သဘောတူ

ယူကရိန်းထံ အဆင့်မြင့် ဒုံးလက်နက်များ ပေးပို့ရန် အမေရိကန် သဘောတူ

ဇွန် ၁

ရုရှတပ်ဖွဲ့များက ယူကရိန်းနိုင်ငံ အရှေ့ပိုင်း စက်မှုမြို့ ဆီဗီရိုဒိုနက်စ်မြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် ဇွန်လ ၁ ရက်တွင် တိုက်ခိုက်နေခဲ့စဉ် ယူကရိန်းထံ အဆင့်မြင့် ဒုံးကျည်များ ပေးပို့သွားမည်ဟု အမေရိကန်က ပြောကြားလိုက်သည်။

ယူကရိန်းထံ ထိုကဲ့သို့ ဒုံးကျည်များ ပံ့ပိုးပေးခြင်းအားဖြင့် ရုရှကို စစ်ပွဲ အဆုံးသတ်စေရေး ညှိနှိုင်းဆွေးနွေးလာစေရန် ကူညီ တွန်းအားပေးနိုင်လိမ့်မည်ဟု အမေရိကန်က ပြောသည်။

ဝါရှင်တန်အနေဖြင့် ယူကရိန်းထံ ပိုမို အဆင့်မြင့်သော ဒုံးကျည်စနစ်များနှင့် စစ်လက်နက်ပစ္စည်းများ ပေးပို့သွားမည် ဖြစ်ပြီး ယူကရိန်းတို့သည် စစ်မြေပြင်တွင် အဓိက ပစ်မှတ်များကို ပိုမို တိကျစွာ တိုက်ခိုက်နိုင်လိမ့်မည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။

“ယူကရိန်းကို သိသာတဲ့ ပမာဏတစ်ရပ်ရှိတဲ့ လက်နက်တွေနဲ့ ခဲယမ်းတွေ ပေးပို့ဖို့ ကျွန်တော်တို့ မြန်မြန်ဆန်ဆန် လုပ်ဆောင်ထားခဲ့ပါတယ်။ ဒါမှလည်း ယူကရိန်းအနေနဲ့ စစ်မြေပြင်မှာ တိုက်ခိုက်နိုင်မှာဖြစ်ပြီး ညှိနှိုင်းဆွေးနွေးမှု စားပွဲမှာ အားအကောင်းဆုံး ဖြစ်နိုင်ခြေ အနေအထားတစ်ခုမှာ ရှိနေမှာ ဖြစ်တယ်” ဟု ဘိုင်ဒင်က မေလ ၃၁ ရက်က နယူးယော့ခ်တိုင်းမ် သတင်းစာ အတွေးအမြင် ဆောင်းပါးတစ်ပုဒ်တွင် ရေးသည်။

ထောက်ပံ့သွားမည့် လက်နက်များထဲတွင် M142 HIMARS ဒုံးကျည်စနစ် ပါဝင်မည် ဖြစ်သည်ဟု ဘိုင်ဒင်အစိုးရအဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ ထို ဒုံးကျည်စနစ်သည် ရုရှ၏ ဒုံးကျည်တိုက်ခိုက်မှုများကို တန်ပြန်ရာတွင် “အရေးပါ” သည်ဟု ပြီးခဲ့သည့် တစ်လကြာက ယူကရိန်းစစ်တပ် အကြီးအကဲက ပြောထားခဲ့သည်။

ယင်းကဲ့သို့ လက်နက်များ ထောက်ပံ့ခြင်းအားဖြင့် အမေရိကန်ကို ရုရှနှင့် တိုက်ရိုက် ပဋိပက္ခတစ်ရပ်ထဲ ပါဝင်ပတ်သက်စေသလို ဖြစ်စေနိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရင်း အကြီးတန်းအမေရိကန်အရာရှိတစ်ဦးက ပြောကြားရာတွင် ယူကရိန်းသည် ရုရှ နိုင်ငံတွင်း ပစ်မှတ်များကို တိုက်ခိုက်ရန် ထို လက်နက်များကို အသုံးပြုမည်မဟုတ်ဟု အာမခံချက်ပေးထားသည်ဟု ပြောသည်။

“ယူကရိန်းတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံ နယ်နိမိတ်အတွင်း ရုရှရဲ့ ထိုးစစ်တွေကို တွန်းလှန်ဖို့ ဒီလက်နက်စနစ်တွေကို အသုံးပြုပါလိမ့်မယ်။ ဒီလက်နက်တွေကို ရုရှ နယ်နိမိတ်ထဲက ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အသုံးပြုမှာ မဟုတ်ပါဘူး” ဟု အမေရိကန် အရာရှိကြီးက သတင်းထောက်များကို ပြောသည်။

ရုရှသည် ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ် ဒေသကို သိမ်းယူနိုင်ရန် တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်နေခဲ့စဉ် ယခု ယူကရိန်းအတွက် လက်နက် ပံ့ပိုးမည့် အမေရိကန်၏ ကတိ ထပ်မံပေါ်ထွက်လာခြင်းဖြစ်သည်။ ဤမတိုင်မီက အမေရိကန်သည် ယူကရိန်းအတွက် လေယာဉ်ပစ်ဒုံးများ၊ ဒရုန်းများ အပါအဝင် ဒေါ်လာ ဘီလီယံများချီ တန်ဖိုးရှိတဲ့ လက်နက်ပစ္စည်းများ ပံ့ပိုးပေးထားပြီးဖြစ်သည်။

ရုရှတပ်များသည် ယခုအခါ ဒွန်ဘတ်စ်ဒေသရှိ ခရိုင်နှစ်ခုအနက် တစ်ခုဖြစ်သည့် လူဟန့်စ်ရှိ အရှေ့ပိုင်း စက်မှုမြို့ ဆီဗီရိုဒိုနက်စ်၏ နေရာအများစုကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း ဒေသအုပ်ချုပ်ရေးမှူး ဆာဟီ ဂိုင်ဒိုင်က မေလ ၃၁ ရက်တွင် ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly