ပါကစ္စတန် ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ်၏ အရင်းအမြစ်များကို ကိုယ်ကျိုးအတွက် အသုံးပြုမှုဖြင့် ဝန်ကြီးချုပ်ဟောင်း ဝေဖန်ခံရ

ပါကစ္စတန် ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ်၏ အရင်းအမြစ်များကို ကိုယ်ကျိုးအတွက် အသုံးပြုမှုဖြင့် ဝန်ကြီးချုပ်ဟောင်း ဝေဖန်ခံရ

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းသည် ယခုအခါ နောက်ထပ် အငြင်းပွားစရာကိစ္စတစ်ခုနှင့် ထပ်မံ ရင်ဆိုင်နေရပြီး ၎င်းသည် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်၏ အရင်းအမြစ်များကို ကိုယ်ရေးကိုယ်တာ ကိစ္စရပ် အကြောင်းတရားများအတွက် အသုံးချခဲ့သည်ဟု ယင်းပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရိုထံ တိုင်ချက်ဖွင့်ထားသည်။

ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ၏ ဥက္ကဋ္ဌ အီမရန် ခန်းကို ပြည်နယ်လွှတ်တော်အမတ် ဆိုဘီယာ ရှားက ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ်၏ တာဝန်ခံမှု၊ တာဝန်ယူမှုဆိုင်ရာ အမျိုးသားဗျူရို (NAB) ထံတွင် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

“အီမရန် အာမက် ခန်း နီယာဇီဟာ ခိုင်ဘာပက်ခ်တွန်ခဝါ ပြည်နယ်အစိုးရရဲ့ အရင်းအမြစ်တွေကို ဗြောင်ကျကျ အလွဲသုံးစားပြုမှုမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်။ အဲဒီအထဲမှာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် ခိုင်ဘာပက်ခ်တွန်ခဝါ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ အစိုးရ ရဟတ်ယာဉ်ကို အသုံးပြုမှုလည်း ပါဝင်ပါတယ်။ အဲဒါက အစိုးရ ဘဏ္ဍာငွေတွေကို ကြီးကြီးမားမား နစ်နာဆုံးရှုံးစေခဲ့ပါတယ်။ ဒါက ၁၉၉၉ ခုနှစ် အမျိုးသား တာဝန်ခံမှုဆိုင်ရာ ဥပဒေရဲ့ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်တွေအောက်မှာ ပြစ်မှုတစ်ခု ဖြစ်ပါတယ်” ဟု တိုင်ကြားချက်တွင် ပြောထားကြောင်း Dawn သတင်းမီဒီယာက ဖော်ပြသည်။

ထို့ပြင် လိုအပ်ပါက ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ်၏ အရင်းအမြစ်များကို အီမရန် ခန်း အသုံးပြုခဲ့သည့် ခိုင်လုံသော ထပ်တိုး သက်သေအထောက်အထားများကို တင်ပြသွားမည်ဟု တိုင်ကြားသူက ပြောသည်။

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းသည် ၂၀၁၈ ခုနှစ်ကလည်း အလားတူ စွဲချက်များဖြင့် NAB အမှုကိစ္စတစ်ရပ်ကို ရင်ဆိုင်ထားခဲ့ရပြီးဖြစ်ပြီး NAB ၏ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်ရုံး၌ လာရောက်အစစ်ဆေးခံထားခဲ့ရကြောင်း သတင်းမီဒီယာတစ်ခုက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly