ပါကစ္စတန်၌ အရွယ်မရောက်သေးသည့် မိန်းကလေးငယ် ပြန်ပေးဆွဲခံရမှုအတွက် ခရစ်ယာန်အသိုင်းအဝိုင်းက ကန့်ကွက်ဆန္ဒပြ

By Zee5
31 May 2022
ပါကစ္စတန်၌ အရွယ်မရောက်သေးသည့် မိန်းကလေးငယ် ပြန်ပေးဆွဲခံရမှုအတွက် ခရစ်ယာန်အသိုင်းအဝိုင်းက ကန့်ကွက်ဆန္ဒပြ

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၌ အသက် ၁၄ နှစ်အရွယ် ခရစ်ယာန်မိန်းကလေးငယ်တစ်ဦး ပြန်ပေးဆွဲခံရမှု ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ပြီးနောက် ခရစ်ယာန်ဘာသာဝင် လူအများအပြားသည် ဖိုင်ဆာလာဘတ်၏ ခရိုင်ကောင်စီ အဓိကလမ်းဆုံတစ်ခု၌ လာရောက်စုဝေးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပြန်ပေးဆွဲသမားများသည် အဆိုပါ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ရန် ပြန်ပေးဆွဲသွားခြင်းဖြစ်သည်ဟု မိန်းကလေး၏ မိသားစုက ပြောသည်။

ရဲများက ဖြစ်စဉ်ကို အမှုဖွင့်ထားသော်လည်း ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်ပြီး နိုင်ငံ၏ လူနည်းစု အသိုင်းအဝိုင်းက မပျော်မရွှင် ဖြစ်နေကြောင်း သတင်းများက ဖော်ပြသည်။

ယင်းနိုင်ငံတွင် ဩဇာတိက္ကမ ကြီးသော လူပုဂ္ဂိုလ်များအတွက် ဆိုလျင် တရားရုံးများကို ညပိုင်းတွင် ဖွင့်လှစ် ဆောင်ရွက်သော်လည်း လူနည်းစုဝင် မိန်းကလေးတစ်ဦးအတွက်မူ တရားရုံးကို ဖွင့်လှစ်လိမ့်မည် မဟုတ်ဟု လူနည်းစု အသိုင်းအဝိုင်းက ပြောဆိုနေကြသည်။

မကြာသေးခင်က နိုင်ငံ၏ ဝန်ကြီးချုပ်ရာထူးမှ အီမရန် ခန်း ဖြုတ်ချခံရသည့် နိုင်ငံရေး အကျပ်အတည်း ကာလအတွင်း ပါကစ္စတန်၏ အမြင့်ဆုံး တရားရုံးကို ဖွင့်လှစ်ခဲ့သည်။

ပြန်ပေးဆွဲခံရသည့် မိန်းကလေးငယ်ကို ပြန်ရှာမတွေ့မချင်း ဖြစ်စဉ်အပေါ် ဆန္ဒပြကြရန် ဆန္ဒပြသူများက ပြည်သူများကို တိုက်တွန်းခဲ့သည်။

ယင်းနိုင်ငံတွင် ဟိန္ဒူဘာသာဝင်များနှင့် အခြား လူနည်းစုများအပေါ် ပြစ်မှုကျူးလွန်မှုများ မြင့်တက်နေခြင်းနှင့်ပတ်သက်ပြီး အစိုးရဘက်က လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နေခြင်း မရှိကြောင်း လူ့အခွင့်အရေးအဖွဲ့ အများအပြားနှင့် သတင်းများတွင် စွပ်စွဲထားသည်။

ထို့ပြင် နှစ်စဉ် ခရစ်ယာန်နှင့် ဟိန္ဒူဘာသာဝင် မိန်းကလေးငယ် ၁၀၀၀ ခန့်သည် အစ္စလမ်ဘာသာသို့ အတင်းအကျပ် ကူးပြောင်းခိုင်းခံနေရသည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ၂၀၂၁ ခုနှစ် နိုဝင်ဘာလက ပြောခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly