ရုရှ ရေနံတင်သွင်းမှု အများစုအပေါ် ပိတ်ပင်ရန် အီးယူ ခေါင်းဆောင်များ သဘောတူ

ရုရှ ရေနံတင်သွင်းမှု အများစုအပေါ် ပိတ်ပင်ရန် အီးယူ ခေါင်းဆောင်များ သဘောတူ
Photo - AFP

မေ ၃၁

ရုရှ ရေနံတင်သွင်းမှု အများစုအပေါ် ပိတ်ပင်ချက်တစ်ရပ်ကို မေလ ၃၀ ရက်တွင် ဥရောပသမဂ္ဂ (အီးယူ) ခေါင်းဆောင်များ သဘောတူခဲ့ကြသည်။ ယင်းမတိုင်မီက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲသည့် ရုရှအပေါ် ပြစ်ဒဏ်ခတ်ရေး ဟန်ဂေရီနိုင်ငံနှင့် အပေးအယူလုပ် သဘောတူညီချက်တစ်ခုကို ရယူခဲ့ရသည်။

အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံ ပါ အီးယူအုပ်စုသည် ရုရှ ရေနံအပေါ် အလုံးစုံ တားမြစ်ပိတ်ပင်ရေး အဆိုပြုချက်တစ်ရပ်နှင့်ပတ်သက်ပြီး သီတင်းပတ်များကြာ ညှိနှိုင်းဆွေးနွေးခဲ့ကြသော်လည်း ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်ထံမှ ခေါင်းမာသည့် အတိုက်အခံပြုမှုကို ရင်ဆိုင်ခဲ့ရသည်။

ရုရှ ရေနံ တင်သွင်းမှုများကို လုံးဝ ရပ်တန့်ခြင်းက ယင်း၏ စီးပွားရေးကို ထိခိုက်ပျက်စီးစေလိမ့်မည် ဆိုပြီး ဟန်ဂေရီက သတိပေးပြီးနောက် ဥရောပသို့ ပိုက်လိုင်းကတစ်ဆင့် ရောက်ရှိသော ရုရှရေနံပေးပို့မှုများကို ပိတ်ပင်ချက်ကနေ ကင်းလွတ်ခွင့်ပြုသည့် အပေးအယူ သဘောတူညီချက်တစ်ခုကို ဘရက်ဆဲလ်မြို့ အစည်းအဝေး၌ အီးယူခေါင်းဆောင်များ သဘောတူရရှိခဲ့သည်။

“အီးယူဆီ ရုရှ ရေနံတင်ပို့မှုအပေါ် ပိတ်ပင်တဲ့ သဘောတူညီချက်ပါ။ ဒါက ရုရှဆီကနေ ရေနံတင်သွင်းမှုရဲ့ သုံးပုံ နှစ်ပုံကျော်အပေါ် ချက်ချင်း လွှမ်းခြုံမှာ ဖြစ်ပြီး ယင်းရဲ့ စစ်ပွဲ ယန္တရားအတွက် ငွေကြေးထောက်ပံ့မှုရဲ့ ကြီးမားတဲ့ ရင်းမြစ်ကို ဖြတ်တောက်နိုင်မှာဖြစ်ပါတယ်” ဟု ဥရောပကောင်စီ အကြီးအကဲ ချားလ် မီချဲလ်က အစည်းအဝေးအတွင်း တွစ်တာတွင် ရေးသည်။

“စစ်ပွဲကို အဆုံးသတ်စေဖို့ ရုရှအပေါ် အဆုံးစွန် ဖိအားပေးလိုက်တာ ဖြစ်တယ်”

ယခု လုပ်ဆောင်ချက်က နှစ်ကုန်ပိုင်းအရောက်တွင် ရုရှထံမှ အီးယူဆီသို့ ရေနံတင်ပို့မှုများ၏ ၉၀ ရာခိုင်နှုန်းခန့်ကို ထိရောက်စွာ ဖြတ်တောက်လျှော့ချလိမ့်မည် ဖြစ်ကြောင်းနှင့် ဂျာမနီ နှင့် ပိုလန် နိုင်ငံတို့သည် ၎င်းတို့၏ နယ်နိမိတ်ထဲသို့ ပိုက်လိုင်းတစ်ခုကနေတဆင့် ရေနံ ပေးပို့မှုများကို စွန့်လွှတ် ဖြတ်တောက်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန် ဒါ လီယန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly