“အကြမ်းဖက်ပြီး ပုံသွင်းလို့ မရ”

“အကြမ်းဖက်ပြီး ပုံသွင်းလို့ မရ”

ကိုမျိုးသန့်ရေ

ဒီနေ့တော့ ကျွန်တော် ငယ်ငယ်က ရှိခဲ့တဲ့ စာဖတ်ဝါသနာ၊ စာအုပ် ပိုင်ဆိုင်လိုတဲ့ ဝါသနာ၊ အဲဒါကြောင့် ပေါ်လာတဲ့ ပြသနာ၊ ကျွန်တော့ မိဘက တားမြစ်တဲ့ ပြဿနာ၊ လူကို အကြမ်းဖက်ပြီး ပုံသွင်းလို့ ရသလား ဆိုတာ စဉ်းစားမိတဲ့အကြောင်း ပြောပြချင်ပါတယ်။

ကျွန်တော် ငယ်ငယ် သူငယ်တန်းလောက်ကစ ကျောင်းသင်ခန်းစာ အပြင်၊ အပြင်စာတွေ စဖတ်ပါတယ်။ မှတ်မိသလောက်တော့ အဲဒီအချိန်က ထွက်တဲ့ ရွှေစွန်ညို၊ လင်းယုန်နက်၊ ရွှေကြာ၊ တေဇ စတဲ့ ရုပ်ပြနဲ့ ကာတွန်း ရုပ်စုံတွေ ဖြစ်မယ် ထင်ပါတယ်။ နောက် ၄-၅ တန်းလောက် ရောက်လာတော့ အရိုင်း၊ သမိန်ပေါသွတ်တို့လို ရုပ်ပြတွေလို့ မှတ်မိပါတယ်။ ထူးခြားတာ တစ်ခုက ကျွန်တော်ဟာ အဲဒီ ကာတွန်းစာအုပ်တွေကို ဖတ်ရုံမက ပိုင်ဆိုင် သိမ်းဆည်းထားချင်တဲ့ စွဲလန်းစိတ်လည်း ကြီးကြီးမားမား ရှိခဲ့တာပါ။ သိပ်ငယ်တုန်းကတော့ အမေက ဝယ်ပေးပါတယ်။ အမေဝယ်ပေးတဲ့ ကာတွန်းတွေကို စနစ်တကျ သိမ်းဆည်း စုဆောင်းထားပါတယ်။ နည်းနည်းကြီးလာတော့ ကာတွန်းစာအုပ်တွေက ဈေးကြီးလာတယ် ထင်ပါတယ်။ ၆၄ မျက်နှာပါ ကာတွန်းစာအုပ် တစ်အုပ်ကို ၄ ကျပ်လို့ မှတ်မိပါတယ်။

ကလေး တစ်ယောက်အတွက် အတော်များတဲ့ ငွေပမာဏပါ။ သာမန် ကလေးသဘာဝ ကျွန်တော်ဟာ တစ်ခါတစ်ရံ ဖျားနာပါတယ်။ နေမကောင်းဖြစ်တာပေါ့ဗျာ။ အဲဒီအခါ အမေက အိမ်နဲ့ အတော်လှမ်းတဲ့ ကမ်းနားလမ်းက မိသားစု ဆရာဝန်မကြီးဆီကို သွားပြလေ့ရှိပါတယ်။ အိမ်နားက ဆိုက်ကားနဲ့ သွားကြတာပါ။ အဲလို သွားတဲ့ လမ်းမှာ စာအုပ် ဖြန့်ချိရေး အရောင်းဆိုင် ရှိပါတယ်။ ဆေးခန်းသွားတိုင်း ကျွန်တော်က အမေ့ကို ကာတွန်းစာအုပ် ဝယ်ပေးဖို့ ပူဆာပါတယ်။ သူ့သား နေမကောင်းဘူး ဆိုတော့ စိတ်ချမ်းသာအောင် အမေက ကျွန်တော့်အလိုဆန္ဒအတိုင်း ကာတွန်းစာအုပ် ဝယ်ပေးပါတယ်။ မကြာခဏ နေမကောင်း ဖြစ်ပါစေ၊ ဖျားပါစေ ဆိုပြီး ကျွန်တော် ဆုတောင်းပါတယ်။ ဒီလိုနည်းနဲ့ ကျွန်တော် စုဆောင်းထားတဲ့ စာအုပ် အတော်များလာပါတယ်။

ကျွန်တော်တို့ မော်လမြိုင်မြို့မှာ ဝါတွင်း ဥပုသ် ရက်တွေဆိုရင် တောင်ရိုးတန်း ဘုရားစောင်းတန်းတစ်လျှောက် ဈေးသည်တွေနဲ့ စည်ကားပါတယ်။ အဲဒီ လမ်းဘေး ဈေးဆိုင်တွေထဲမှာ ကာတွန်းစာအုပ်တွေ ချခင်းပြီး တစ်ခါဖတ် ဘယ်လောက်နဲ့ ငွေယူပြီး ဝန်ဆောင်မှုပေးတဲ့ ဆိုင်လေးတွေလည်း ရှိပါတယ်။ မှတ်မိသလောက် ၅ တန်းနှစ်မှာ ကျွန်တော်ဟာ ကျွန်တော်ပိုင်တဲ့ ကာတွန်းစာအုပ်တွေကို ဆွဲခြင်း တစ်လုံးထဲထည့်၊ စောင်းတန်းကို တက်ပြီး သူများနည်းတူ ခပ်တည်တည်နဲ့ ကာတွန်းဆိုင် သွားဖွင့်တာကို မှတ်မိပါတယ်။ အဲဒီကနေ ရတဲ့ငွေ နည်းနည်းပါးပါးကို မုံ့ဝယ်စား၊ အရုပ်ဝယ်၊ ကာတွန်းပြန် ဝယ်တာကို မှတ်မိပါတယ်။

အလယ်တန်းလောက် ရောက်လာတော့ ကျွန်တော် နည်းနည်း လောဘကြီးလာပါတယ်။ ဖတ်ချင်တဲ့ စာအုပ်တွေများလာ၊ လိုချင်တဲ့ စာအုပ်တွေ များလာတော့ ဝယ်နိုင်မယ့် နည်းလမ်း ရှာကြံပါတယ်။ အလွယ်ဆုံးနည်းကတော့ အိမ်က မိဘပိုက်ဆံ ခိုးပြီး ကာတွန်းစာအုပ် သွားဝယ်တာပါပဲ။ တစ်ကြိမ်ကတော့ အိမ်က သီးသန့် စုဗူးထဲက ကျပ် ၁ဝဝ တန် တစ်ရွက်ပျောက်တာ မိဘတွေ သိသွားပါတယ်။

အိမ်မှာက ကျွန်တော်က သားအကြီးဆုံးဆိုတော့ သူတို့ သံသယ ဖြစ်ပါတယ်။ တကယ်လည်း ကျွန်တော်ဟာ အဲဒီ ငွေ ၁ဝဝ တန် တစ်ရွက်ခိုးပြီး စာအုပ်ဆိုင်မှာ သွားအပ်ထားတာပါ။ စာအုပ် အသစ် ထွက်တိုင်း လာဝယ်မယ်၊ အဲဒီ ၁ဝဝ ထဲက နှုတ်ယူပေါ့နော။ အဖေက စစ်တော့ ငွေကို မခိုးဘူးလို့ ပြောပါတယ်။ ကျွန်တော့် စားပွဲတွေ အံဆွဲတွေ၊ ကုတင်အောက် တွေ သူတို့ စေ့စေ့စပ်စပ် လိုက်ရှာတော့ ကုတင်အောက် သေတ္တာထဲ ထည့်သိမ်းထားတဲ့ ကာတွန်းစာအုပ်တွေ အများကြီး သွားတွေ့ပါတယ်။ ဘယ်ပြောကောင်းမလဲ အဖေက ရက်ရက် စက်စက် ရိုက်တော့တာပါပဲ။ ကျွန်တော်က ကလေး၊ လူကောင်သေးသေးလေး၊ အဖေက လူကောင်ထွားထွား သူ စိတ်ရှိလက်ရှိ ရိုက်ပါတယ်။

အိမ်ပေါ်ထပ်မှာ ရိုက်တာ အားမရတော့ ခြေထောက်နှစ်ချောင်းကိုင် ဒရွတ်တိုက်ဆွဲပြီး အိမ်အောက်ထပ်ကို လှေကားအတိုင်း ဆွဲချပါတယ်။ အိမ်အောက်ထပ်ရောက်တော့ အင်္ကျီရင်ဘတ် ဆွဲကိုင်ပြီး တစ်ဖက်နံရံကနေ တစ်ဖက်နံရံကို ကိုင်ပေါက်ပါတယ်။ ကိုင်ပေါက်ပြီး နောက်တစ်ကြိမ် ကျွန်တော့ကို သွားဆွဲယူ တစ်ခါပြန်ကိုင်ပေါက်၊ အကြိမ်ကြိမ်ပါပဲ။ ဇက်ကျိုးပြီး မသေတာ ကံကောင်း။ အမေကတော့ ဒေါသကြီးလွန်းတဲ့ အဖေ့ကို မဆွဲနိုင် မတားနိုင်ပါဘူး။ ငိုချည်းပဲ နေတာပါပဲ။

ကိုမျိုးသန့်ရေ

အဖေက အဲလောက် မကဘူးဗျ။ ကျွန်တော် ပိုက်ဆံခိုးတာ အဲဒီ ကာတွန်းစာအုပ်တွေကြောင့် ဆိုပြီး ကာတွန်းစာအုပ် သေတ္တာကြီးကို အိမ်နောက်ဖေး လမ်းကြားထဲ မ-ယူသွားပါတယ်။ လမ်းကြားထဲမှာ အားလုံးကို သွန်ချ၊ ဓာတ်ဆီလောင်းပြီး မီးရှို့ ဖျက်ဆီးပစ်ပါတယ်။ ကာတွန်းစာအုပ်တွေကို မီးရှို့တာ ကျွန်တော့်ကို ကြည့်ခိုင်းပါတယ်။ နောက်ထပ် ဝယ်ရင် ဒီလိုပဲ မီးရှို့ခံရမယ် ပြောပါတယ်။

ကာတွန်းစာအုပ်တွေ မီးလောင်တာ တွေ့ရတော့ ကျွန်တော် ဘယ်လို ခံစားရမလဲ စဉ်းစားသာကြည့်ပေတော့နော။ ကြီးလာတော့ ကျွန်တော် စဉ်းစားပါတယ်။ ကျွန်တော့် အဖေဟာ တရုတ်ပြည်က မဟာတံတိုင်းဆောက်တဲ့ ရှီဝှမ်တီ ဘုရင်လို ပါလားလို့။ ရှီဟွမ်တီကလည်း စာအုပ်စာတန်းတွေ အားလုံးကို မီးရှို့ ဖျက်ဆီးပစ်တာလေ။

ဒီလို အကြမ်းဖက်လိုက်တော့ ကျွန်တော့်ရဲ့ စာအုပ် စုဆောင်းတဲ့ ဝါသနာ ပျောက်သွားမယ် ထင်ပါသလား။ ဝေးသေး။ နောက်ပိုင်း တစ်ဖြေးဖြေး တစ်အုပ်စ၊ နှစ်အုပ်စ ပြန်စု၊ ပိုပြီး မှောင်တဲ့ အမေရဲ့ ကုတင်အောက် အတွင်းဘက်မှာ သွားစုပြီး ဖွက်ထား၊ နောက်တစ်ကြိမ် မိပြန်တာပါပဲ။ အဲဒီ တစ်ကြိမ်မှာလဲ အဖေက လူကရုရိုက်၊ စာအုပ်တွေ မီးရှို့ လုပ်ပါသေးတယ်။ မှတ်မိသလောက် ကျွန်တော် ကတော့ မမှတ်ပါဘူး။ အဲလိုပဲ စာအုပ်ကို ဆက်ပြီး စုပါသေးတယ်။ (၈) တန်းလောက် ရောက်တော့ အဖေက မရိုက်တော့ပါဘူး။ သူတို့ကလေး စိတ်ချမ်းသာပါစေဆိုပြီး နွေရာသီ ကျောင်းပိတ် လမ်းထိပ်မှာ ကာတွန်းစာအုပ် အငှားဆိုင်ကလေးကို ဖွင့်ပေးလိုက်ပါတော့တယ်။ နောက်ပိုင်း တက္ကသိုလ်တက်တော့ ကျွန်တော် စုဆောင်းထားသမျှ စာအုပ်တွေ တင်ဖို့ အဖေက စာအုပ်စင် ကောင်းကောင်းတစ်ခု မှာပေးလိုက်တာကို မှတ်မိပါတယ်။

အခုဆို အဖေ၊ အမေတို့လည်း မရှိကြတော့ပါဘူး။ ကွယ်လွန်သွားကြပါပြီ။ ကျွန်တော်ကတော့ စာအုပ်တွေ ဝယ်တုန်း၊ စုတုန်း၊ စာအုပ်စင်ကြီး အကြီးကြီး တစ်လုံးမဆန့် နှစ်လုံး မလောက်၊ ဘီရိုတွေပြည့်၊ သတင်းစာ ဂျာနယ်တွေကလည်း အိမ်အပြည့်။ အိပ်ယာ ပတ်ပတ်လည်မှာတောင် စာအုပ်တွေ ဟိုသည်ပြန့်ကျဲ။ ဝါသနာ၊ ဗီဇ ကို အကြမ်းဖက်ပြီး တားမြစ်လို့ရသလား။ ကျွန်တော် စဉ်းစားနေဆဲပါပဲ။

ကျန်းမာပျော်ရွှင်ပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly