တရုတ်က စားနပ်ရိက္ခာဖူလုံရေးဖြေရှင်းရန် ကြိုးပမ်းနေချိန် အမေရိကန်နှင့် အကျိုးစီးပွားများ ပဋိပက္ခဖြစ်လာနိုင်

တရုတ်က စားနပ်ရိက္ခာဖူလုံရေးဖြေရှင်းရန် ကြိုးပမ်းနေချိန် အမေရိကန်နှင့် အကျိုးစီးပွားများ ပဋိပက္ခဖြစ်လာနိုင်

စားနပ်ရိက္ခာဖူလုံရေးစိန်ခေါ်မှုများကို ဖြေရှင်းမည့်တရုတ်၏ ရည်ရွယ်ချက်ကြောင့် ကမ္ဘာ့ထိပ်တန်း စိုက်ပျိုးထုတ်လုပ်သူ အမေရိကန်သည် တရုတ်၏လမ်းကြောင်းတွင် အဟန့်အတားဖြစ်စေနိုင်သည်ဟု အမေရိကန်-တရုတ် စီးပွားရေးနှင့်လုံခြုံရေး ပြန်လည်သုံးသပ်ရေးကော်မရှင် (USCC) က ပြောသည်။

USCC မှ ထုတ်ပြန်သော အစီရင်ခံစာတွင် တရုတ်နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေး စိန်ခေါ်မှုများနှင့် အဆိုပါ အားနည်းချက်များသည် အမေရိကန်-တရုတ် စိုက်ပျိုးရေးဆက်ဆံရေးတွင် အကျိုးစီးပွားကို မည်ကဲ့သို့ တွန်းအားပေးကြောင်း သုံးသပ်သည်။

တရုတ်က တစ်ခါတစ်ရံတွင် တရားမဝင်သော နည်းလမ်းများဖြင့် စိုက်ပျိုးရေးကဏ္ဍနှင့် စားနပ်ရိက္ခာဖူလုံရေး ခိုင်မာစေရန် ကြိုးပမ်းမှုသည် အမေရိကန်၏ စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း သက်သေပြနိုင်သည်ဟု USCC ကဆိုသည်။

တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် အစာအတွက် အဓိကအသုံးပြုသော ပြောင်းကိ မက်ထရစ်တန်ချိန် သန်း ၃၀ ကျော် အမေရိကန်ထံမှ တင်သွင်းခဲ့ပြီး ၂၀၁၉ ခုနှစ်က တင်သွင်းခဲ့သည့် ပြောင်း မက်ထရစ်တန်ချိန် ၅ သန်းနီးပါးမှ အဆမတန် များပြလာခဲ့သည်။ သို့သော် ၎င်း၏ စိုက်ပျိုးရေး ထုတ်ကုန်အပေါ် ဝယ်လိုအားများလာသည်နှင့်အမျှ တရုတ်နိုင်ငံသည် မူဝါဒ၊ နည်းပညာနှင့် စီးပွားရေး လုပ်ဆောင်မှုများမှတစ်ဆင့် ယင်းစိန်ခေါ်မှုကို ကိုင်တွယ် ဖြေရှင်းမည်ဖြစ်သည်။

“ဥပမာအားဖြင့် တရုတ်ကုမ္ပဏီများက အမေရိကန်တွင် ဝက်အုပ်များကို ဝယ်ယူခြင်းသည် တရုတ်ငွေကို ချွေတာရာရောက်ပြီး ပြည်တွင်းစွမ်းရည်ကို မြှင့်တင်ပေးနိုင်သည်။ သို့သော် ၎င်းသည် တရုတ်လိုအပ်သည့် အမေရိကန်ရင်းမြစ်ထုတ်ကုန်များကို လျှော့ချနိုင်သလို အမေရိကန်အသိုင်းအဝိုင်းများ၌ ဝက်များ၏ စွန့်ပစ်အညစ်အကြေးကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ ပြန်ဖြစ်စေသည်” ဟု USCC အစီရင်ခံစာက ဆိုသည်။

အမေရိကန်၏ စိုက်ပျိုးရေးဆိုင်ရာပိုင်ဆိုင်မှုများတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ပေါင်းစည်းမှုများ ထပ်မံပေါ်ပေါက်လာပါက တရုတ်သည် အမေရိကန်ထောက်ပံ့ရေးကွင်းဆက်အပေါ် ပို၍ လွှမ်းမိုးလာနိုင်ပေသည်။ အမေရိကန်၏ စီးပွားရေးဆိုင်ရာဉာဏမူပိုင်ခွင့်ကို တရုတ်လက်လှမ်းမီလာမှုက စားသောက်ကုန်ထုတ်လုပ်မှုကို အထောက်အပံ့ပေးသည့် စိုက်ပျိုးရေးနည်းပညာတွင် အမေရိကန်၏ယှဉ်ပြိုင်မှုကိုလည်း ဆုတ်ယုတ်စေနိုင်သည်။

မျိုးဗီဇပြုပြင်ထားသော မျိုးစေ့များကို တရုတ်၏ တရားမဝင်ရယူမှုသည် ထိုကဲ့သို့သော မျိုးစေ့များကို တရုတ်က ကိုယ်တိုင်ထုတ်လုပ်လာနိုင်စေပြီး အမေရိကန်ကုမ္ပဏီများ၏ ဝင်ငွေကို ဆုံးရှုံးစေကာ အမေရိကန် ကောက်ပဲသီးနှံများရှိ အားနည်းချက်များကို ရှာဖွေရန် အခွင့်အရေးရလာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly