ပျောက်ဆုံး နီပေါ လေယာဉ်၏ အပျက်အစီးများကို ပြန်တွေ့

ပျောက်ဆုံး နီပေါ လေယာဉ်၏ အပျက်အစီးများကို ပြန်တွေ့
Photo - AFP

မေ ၃၀

နီပေါနိုင်ငံတွင် လူ ၂၂ ဦး လိုက်ပါသွားသည့် ခရီးသည်တင် လေယာဉ်တစ်စင်း မေလ ၂၉ ရက်က ဟိမဝန္တာတောင်တန်းဒေသ၌ ပျောက်ဆုံးသွားခဲ့ပြီးနောက် ယခုအခါ အဆိုပါ လေယာဉ်၏ ပျက်ကျထားသည့် အပျက်အစီး အပိုင်းအစများကို တောင်နံဘေးနေရာတစ်ခုတွင် ပြန်ရှာတွေ့ခဲ့ပြီ ဖြစ်သည်။ မေလ ၃၀ ရက်တွင် နီပေါ ကယ်ဆယ်ရေးသမားများသည် အဆိုပါ ပျက်ကျ လေယာဉ် အပျက်အစီးများကြားမှ အလောင်း ၁၄ လောင်းကို ပြန်လည် ထုတ်ယူရရှိထားခဲ့သည်။

နီပေါ လေကြောင်းလိုင်း Tara Air ၏ Twin Otter လေယာဉ်သည် ယမန်နေ့ မနက်ပိုင်းက နိုင်ငံအနောက်ပိုင်း ပေါ့ခါရာမြို့ကနေ ဂျွန်ဆမ်မြို့ဆီ ဦးတည်ပျံသန်းသွားခဲ့ပြီးနောက် လေယာဉ် ပျံသန်းမှု ထိန်းချုပ်ရေး စင်တာနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် စစ်တပ် ရဟတ်ယာဉ်များနှင့် ပုဂ္ဂလိက ကုမ္ပဏီများ၏ ရဟတ်ယာဉ်များဖြင့် ပျောက်ဆုံးလေယာဉ်ကို ဝေးလံသော တောင်ကုန်းအရပ် ဧရိယာတွင် ယမန်နေ့တစ်နေ့လုံး လိုက်လံရှာဖွေခဲ့ကြပြီး ခြေလျင်သွားသည့် အဖွဲ့များကလည်း ကူညီရှာဖွေခဲ့ကြသည်။

သို့သော် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃,၈၀၀-၄,၀၀၀ (ပေ ၁၂,၅၀၀-၁၃,၀၀၀) ခန့် ရှိသည့် အရပ်တွင် ရာသီဥတု ဆိုးရွားမှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အဟန့်အတားဖြစ်စေခဲ့ပြီး ညပိုင်းရောက်ချိန်တွင် ရှာဖွေမှုများကို ရပ်နားခဲ့ရသည်။

မေလ ၃၀ ရက်တွင် ရှာဖွေမှုများ ပြန်လည်စတင်ခဲ့ပြီးနောက် အလွန် မတ်စောက်သော တောင်နံဘေးနေရာတစ်ခုတွင် ပြန့်ကျဲနေသည့် လေယာဉ် အပျက်အစီး အစိတ်အပိုင်းများ၏ ဓာတ်ပုံတစ်ပုံကို စစ်တပ်က ဆိုရှယ်မီဒီယာတွင် ဝေမျှခဲ့သည်။ ယင်းတွင် မှတ်ပုံတင် နံပါတ် 9N-AET နှင့် လေယာဉ်အတောင်ပံတစ်ခုကိုလည်း မြင်တွေ့ရသည်။

လေယာဉ်ပေါ်တွင် အိန္ဒိယ နိုင်ငံသား လေးဦးနှင့် ဂျာမနီနိုင်ငံသား နှစ်ဦးတို့လည်း လိုက်ပါသွားပြီး ကျန်သူများမှာ နီပေါနိုင်ငံသားများဖြစ်ကြသည်။

လက်ရှိအချိန်တွင် လေယာဉ် ပျက်ကျရခြင်း၏ အကြောင်းရင်းကို မသိရသေးပေ။

ထို လေယာဉ်သည် မက်စ်တန်း ခရိုင် သာဆန်း ကျေးလက်အရပ် စာနိုစဝါရီ ဧရိယာတွင် အမြင့်ပေ ၁၄,၅၀၀ (မီတာ ၄,၄၂၀) ခန့်တွင် မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ကြောင်း အရပ်ဘက် လေကြောင်းအာဏာပိုင်အဖွဲ့က အတည်ပြုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly