ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် ရှန်ဟိုင်းမြို့သားများ၏ စိတ်ကျန်းမာရေးထိခိုက်နေ 

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် ရှန်ဟိုင်းမြို့သားများ၏ စိတ်ကျန်းမာရေးထိခိုက်နေ 

ကိုဗစ်-၁၉ တစ်ကျော့ပြန် ဖြစ်ပွားလာမှုကြောင့် မတ်လနှောင်းပိုင်းမှစ၍ အသွားအလာပိတ်ဆို့ထားသော တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးအချက်အချာမြို့တော် ရှန်ဟိုင်းတွင် စိတ်ကျန်းမာရေးပြဿနာသည် အဓိက ကျသော ထိခိုက်မှုများအနက် တစ်ခုဖြစ်လာသည်။

စိုးရိမ်စိတ်များ၊ စိတ်ကျရောဂါနှင့် စိတ်ကျန်းမာရေး ချို့ယွင်းမှုစသည့် များပြားလှသော ပြဿနာများစွာကို ရှန်ဟိုင်းတွင် တွေ့နေရပြီး ကိုယ်ထူကိုယ်ထ လုပ်ဆောင်ရမှုများ ပိုမိုများပြားလာသလို ဆေးရုံများနှင့် လူနေရပ်ကွက်များအတွက် စိတ်ပိုင်းဆိုင်ရာ အရင်းအမြစ်များ ပံ့ပိုးပေးခြင်းဖြင့် စိတ်ကျန်းမာရေးဆိုင်ရာ အကျိုးဆက်များကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်နေသည်ဟူသော အစိုးရ၏ ပြောဆိုချက်များနှင့် ဆန့်ကျင်ဘက် ပင်ဖြစ်သည်။

နှစ်လနီးပါးမျှအသွားအလာပိတ်ဆို့လိုက်ခြင်းသည် လုပ်ငန်းများကို ကြီးစွာ အနှောင့်အယှက်ဖြစ်စေသည်ဟု ကမ္ဘာ့ကျန်းမာရေးအစီရင်ခံစာတွင် ဖော်ပြထားသည်။ လူများကို သီးသန့်ခွဲထားပြီး ဘဝများ ကမောက်ကမ ဖြစ်ကာ လူမှုအသိုင်းအဝိုင်းများမှာလည်း တဖြည်းဖြည်းအဆက်အသွယ်ပြတ်လာခဲ့သည်။ အထီးကျန်ခြင်း၊ ရောဂါပိုးကူးစက်မည်ကို ကြောက်ရွံ့ခြင်း၊ မိမိကိုယ်တိုင်နှင့် ချစ်ခင်ရသူများအတွက် စိတ်ခံစားရခြင်းနှင့် သေဆုံးခြင်းများ၊ ကျန်ရစ်သူများအတွက် ဝမ်းနည်းပူဆွေးမှုနှင့် ငွေကြေးအတွက် ကြောင့်ကြရမှုများကို စိုးရိမ် ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်းကို ဖြစ်စေသော သောကများအဖြစ် ညွှန်းဆိုထားသည်။

ကျန်းမာရေးလုပ်သားများအကြားတွင် ပင်ပန်းနွမ်းနယ်မှုသည် အဆုံးစီရင်ရန် အကြံအစည်များအတွက် အဓိက အကြောင်းရင်းတစ်ခုဖြစ်ကြောင်း WHO ၏ သိပ္ပံဆိုင်ရာအစီရင်ခံစာတွင် ဖော်ပြထားသည်။ 

တစ်ဦးချင်းကျန်းမာရေး၊ လူမှုရေးမလုံခြုံမှု၊ အထီးကျန်မှု၊ အသက်မွေးဝမ်းကျောင်း ပြုခွင့်မရှိခြင်း စသည်တို့သည် စိတ်ကျန်းမာရေးပြဿနာများအတွက် အရင်းခံများဖြစ်သော်လည်း တရုတ် ခေါင်းဆောင်များသည် အတိတ်က အတွေ့အကြုံများမှ သင်ခန်းစာယူလိုစိတ်မရှိကြောင်း ကျန်းမာရေး ကျွမ်းကျင်သူများက ပြောသည်။ လွန်ခဲ့သည့် ၂ နှစ်ခွဲခန့်က တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကို ပထမဆုံး တွေ့ရှိခဲ့ကာ ဝူဟန်မြို့သည် ဗိုင်းရပ်စ်ဗဟိုချက်ဖြစ်ခဲ့သည်။ သို့သော် အချိန်ရှည်ကြာသော အသွားအလာ ပိတ်ဆို့မှုများကြောင့် စိတ်ကျန်းမာရေးနှင့် ဆက်စပ်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် အဆင့်များမှာ လုံလောက်ခြင်းမရှိပေ။

Lancet Respiratory Medicine ၏ လေ့လာမှုတစ်ခု၌ ဗိုင်းရပ်စ်၏ပထမလှိုင်းကို တွေ့ကြုံခံစား ခဲ့ရသူများ၏ ထိတ်လန့်တုန်လှုပ်ဖွယ်အတွေ့အကြုံများကို ဖော်ပြခဲ့ရာတွင် ကပ်ရောဂါ၏ ကြာရှည်လှသော ဝန်ထုပ်ဝန်ပိုးများကို အလေးထားတင်ပြထားပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတက်ရောက်ပြီးနောက် ၂ နှစ်အကြာတွင် လူနာထက်ဝက်ကျော်သည် ပင်ပန်းနွမ်းနယ်ခြင်းနှင့်အိပ်ရေးပျက်ခြင်းကဲ့သို့သော ရောဂါ လက္ခဏာ များကို ခံစားနေရဆဲဟု ဆိုသည်။ 

တွေ့ရှိချက်များ၌ ကလေးငယ်များနှင့် ဆယ်ကျော် သက်များ အပါအဝင် သန်းပေါင်းများစွာသောလူများသည် စိတ်ကျန်းမာရေးမှသည် ၎င်းတို့၏ လုပ်ဆောင်နိုင်စွမ်းနှင့် စီးပွားရေးကို ထိခိုက်စေသော စွဲကျန်နေသည့် လက္ခဏာများနှင့် နပန်းလုံးနေရကာ ကိုဗစ်၏ နောက်ဆက်တွဲ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရမည့် စိန်ခေါ်မှုများကိုလည်း ထောက်ပြထားသည်။

ကမ္ဘာ့နိုင်ငံအများစုက ကန့်သတ်ချက်များကို ဖြေလျှော့ပေးပြီး ဗိုင်းရပ်စ်နှင့်အတူယှဉ်တွဲနေထိုင်ရန် ကြိုးပမ်းနေသော်လည်း တရုတ်က တင်းကျပ်သော ကိုဗစ်လုံးဝကင်းစင်ရေး မဟာဗျူဟာကို နှစ်ဆတိုးလုပ်ဆောင်လာချိန်တွင် ပေကျင်းရှိ တရုတ်-ဂျပန် ချစ်ကြည်ရေးဆေးရုံမှ ဆရာဝန်များ ဦးဆောင်သော ယခုလေ့လာမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

စိတ်ကျန်းမာရေးအပေါ် အသွားအလာပိတ်ဆို့ခြင်း၏ဆိုးရွားသော အကျိုးသက်ရောက်မှုကို နားမလည် သည့် တရုတ်ခေါင်းဆောင်များကိုလည်း ကျန်းမာရေးပညာရှင်များက ဝေဖန် ပြစ်တင်ခဲ့ကြ သည်။ ရှန်ဟိုင်းမြို့သူမြို့သားများသည် လိုအပ်သောပစ္စည်းများ ဝယ်ယူရန် အပြင်ထွက်ခွင့်မရသလို မိသားစုဝင်များ သို့မဟုတ် အိမ်နီးနားချင်းများ သေဆုံးရာတွင်လည်း လိုက်ပါပို့ဆောင်ခွင့် မရသောကြောင့် စိတ္တဇဆေးရုံတွင် နေရသကဲ့သို့ဖြစ်နေကြောင်းနှင့်
မကျေနပ်ကြောင်း ပြောသူများမှာ လည်း အပြစ်ပေးခံရကြောင်း ပညာရှင်များက ပြောသည်။

တရုတ်နိုင်ငံသည် အာဏာရှင်ဆန် သော အဖွဲ့အစည်းဖြစ်ကာ တရုတ်ခေါင်းဆောင်များက သူတို့သည်သာ အရာအားလုံးကို သိနေကြောင်းနှင့် ကမ္ဘာတစ်ဝန်းမှာ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ရှုထောင့်များကို လက်မခံသောကြောင့် ယခုကဲ့သို့ဖြစ်ရကြောင်း ကျန်းမာရေးပညာရှင်များက မှတ်ချက်ပြုခဲ့ကြသည်။

တရုတ်မီဒီယာသည် ရှီအစိုးရ၏ခွင့်ပြုချက်မရဘဲ ပြစ်မှုများကို တင်ပြခွင့်မရသည့် မီဒီယာပိတ် အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု အချို့က ဆိုကြသည်။ ရှီကျင့်ဖျင်နှင့်၎င်း၏အစိုးရသည် နိုင်ငံတကာ ဈေးကွက်နှင့် နာမည်ဆိုးတပ်ခံရပြီး ဂုဏ်သိက္ခာထိခိုက်မည်ကိုလည်း စိုးရိမ်လျက်ရှိသည်။ စိတ်ကျန်းမာရေး အပါအဝင် လူ့အခွင့်အရေးသည် တရုတ်ခေါင်းဆောင်များ၏ ဦးစားပေးမဟုတ်ပေ။ ဝီဂါနှင့်တခြား မွတ်စလင်များနှင့် တာကစ်စကားပြောလူမျိုးများအပေါ် တရုတ်က လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သော အစီရင်ခံစာများက တရုတ်ခေါင်းဆောင်များ၏ စိတ်ဓာတ်နှင့် ပြည်သူများနှင့်၎င်းတို့အခွင့်အရေးအပေါ် စိတ်နေသဘောထားကို ဖော်ပြနေပေသည်။

ကိုဗစ်သည် ‘အချိုပေါ် သကာလောင်း’ သကဲ့သို့ဖြစ်ကြောင်း ကျန်းမာရေးပြဿနာဆိုင်ရာ ကျွမ်းကျင် ပညာရှင် ဖြစ်သည့် ကုလအကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒသည် ပြည်သူ့ကျန်းမာရေးလက်အောက်၌ အကောင်အထည်မဖော်နိုင်ကြောင်း ၎င်းက ဝေဖန် ထောက်ပြခဲ့သည်။ လူသားများသည် အရာများစွာကို ထိန်းချုပ်နိုင်သော်လည်း ရောဂါပိုးမွှားနှင့် ပတ်သက်၍ အမိန့်မပေးနိုင်ကြောင်း၊ တရုတ်သည် နိုင်ငံတွင်း၌ ကိုဗစ်လုံးကင်းစင်ရေးမူဝါဒကို ပြဋ္ဌာန်း ခြင်းဖြင့် ပြည်သူများ၏ ဘဝကို ထိခိုက်အောင်လုပ်ခြင်းထက် ဗိုင်းရပ်စ်နှင့် အတူယှဉ်တွဲနေထိုင်ရန် သင်ယူသင့်ကြောင်း ၎င်းက ဝေဖန်ခဲ့သည်။ ကာလရှည်ကြာပိတ်ဆို့မှုများသည် တရုတ်နိုင်ငံတွင် စိတ်ကျန်းမာရေး ပြဿနာများကို ပိုမိုဆိုးရွားစေသည်။

တရုတ်နိုင်ငံမှ မီဒီယာများကလည်း စိတ်ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် လုပ်ဆောင်ရမည့် ခြေလှမ်းများကို မီးမောင်းထိုးပြကြသည်။

စိတ်ကျန်းမာရေးကိစ္စရပ်များနှင့် ပတ်သက်သော အချက်အလက်များမရနိုင်သော်လည်း ဒေသခံများသည် ပိတ်ဆို့မှုများမှ တဖြည်းဖြည်း လွတ်မြောက်လာလင့်ကစား စိတ်ကျန်းမာရေးပံ့ပိုးမှုများနှင့် တိုင်ပင်ဆွေးနွေးရေးဝန်ဆောင်မှုများကို အများက ဆန္ဒရှိနေကြကြောင်း မီဒီယာများက ဖော်ပြကြသည်။

တရုတ်ရှာဖွေရေးဝက်ဘ်ဆိုက်အင်ဂျင် Baidu ၌ စိတ်ပိုင်းဆိုင်ရာအကြံပေးခြင်းနှင့် ဆက်စပ်ရှာဖွေမှုပေါင်းသည် ဧပြီလနှောင်းပိုင်းက စံချိန်တင်မြင့်တက်ခဲ့ပြီး လွန်ခဲ့သည့် ရက်ပေါင်း ၃၀ အတွင်း ၂၅၃ ရာခိုင်နှုန်းတိုးခဲ့ကာ ယင်းက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် ပံ့ပိုးမှုများအရှိန်မြှင့်ရန် နှိုးဆော်မှုတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required