အမေရိကန်က စစ်အေးတိုက်ပွဲ မမျှော်လင့်ကြောင်းနှင့် တရုတ်အနေဖြင့် နိုင်ငံတကာစည်းမျဉ်းကို လိုက်နာစေလိုကြောင်း ဘလင်ကန် ပြောကြား

အမေရိကန်က စစ်အေးတိုက်ပွဲ မမျှော်လင့်ကြောင်းနှင့် တရုတ်အနေဖြင့် နိုင်ငံတကာစည်းမျဉ်းကို လိုက်နာစေလိုကြောင်း ဘလင်ကန် ပြောကြား

သမ္မတဘိုင်ဒင်အစိုးရသည် တရုတ်နှင့် စစ်အေးတိုက်ပွဲ ကြိုးပမ်းနေခြင်းမဟုတ်သော်လည်း တရုတ်အနေဖြင့် နိုင်ငံတကာစည်းမျဉ်းများကို လိုက်နာစေလိုကြောင်းနှင့် အမေရိကန်သည် တရုတ်ကို ရေရှည် အခက်အခဲ ပြဿနာအဖြစ် ရှုမြင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောကြားလိုက်သည်။

“ကျွန်တော်တို့ဟာ ပဋိပက္ခတွေ ဒါမှမဟုတ် စစ်အေးတိုက်ပွဲသစ်ကို မရှာဖွေချင်ပါဘူး။ နှစ်ခုစလုံးကို ရှောင်ဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ဘလင်ကန်က တရုတ်ဆိုင်ရာ အမေရိကန်မူဝါဒကို ပြောသည်။

“ဒါပေမယ့် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းတဲ့၊ လူတစ်ဦးချင်းနဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးပြီး အမေရိကန်နဲ့ တရုတ်အပါအဝင် နိုင်ငံအားလုံးအတွက် အတူယှဉ်တွဲနေထိုင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်နိုင်ချေရှိတဲ့ နိုင်ငံတကာဥပဒေ၊ သဘောတူညီချက်တွေ၊ အခြေခံမူတွေနဲ့ အဖွဲ့အစည်းတွေကို ခုခံကာကွယ်ပြီး အားကောင်းအောင် လုပ်သွားမှာပါ” ဟု ပြောသည်။

အမေရိကန်ထိပ်တန်းသံတမန်က တရုတ်ကို ဦးတည်သည့် လမ်းကြောင်းသစ်ကို ချပြရမည့်အစား လက်ရှိမူဝါဒများကို ရှင်းပြရန် ဂျော့ဝါရှင်တန်တက္ကသိုလ်၌ မေလ ၂၆ ရက်က ထိုမှတ်ချက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘလင်ကန်သည် မိနစ် ၃၀ ကြာပြောဆိုခဲ့သည့် ၎င်းမိန့်ခွန်း၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင် (IPEE) ကြေညာချက်နှင့် ယခုသီတင်းပတ်၌ ဘိုင်ဒင်၏ ပထမဆုံး အာရှခရီးစဉ်အတွင်း Quad အစည်းအဝေးကိုလည်း သုံးသပ်ပြခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တိဗက်တွင် တရုတ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း မီးမောင်းထိုးပြခဲ့ပြီး အမေရိကန်သည် တိဗက်ပြည်သူများနှင့် ရပ်တည်ကြောင်း မှတ်ချက်ပြုခဲ့သည်။

တရုတ်အာဏာပိုင်တွေဟာ တိဗက်တွေရဲ့ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ ဘာသာရေးအလေ့အထတွေကို ရက်ရက်စက်စက်နှိမ်နင်းမှုတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် ကျွန်တော်တို့ဟာ တိဗက်လူမျိုးတွေနဲ့အတူ ရပ်တည်တာပါ” ဟု ဘလင်ကန်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly